စစ်ကောင်စီတပ်ဖွဲ့ဝင်များနေရာယူထားသည့် ယုဇနကုမ္ပဏီဝင်းကို ကေအိုင်အေမီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီခြံဝင်းတစ်ခုကို ကေအိုင်အေတပ်ရင်း ၁၄ က ယမန်နေ့ည ၈ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနေရာယူထားသည့် ယုဇနကုမ္ပဏီဝင်းကို ကေအိုင်အေမီးရှို့ဖျက်ဆီး

 

မီးရှို့ဖျက်ဆီးခံရသည့် ယုဇနကုမ္ပဏီဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူထားသဖြင့် ဖယ်ရှားရန် ကေအိုင်အေက သတိပေးပြောဆိုခဲ့သော်လည်း သေနတ်ပစ်ဖောက်ခြိမ်းခြောက်သဖြင့် မီးရှို့လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကုမ္ပဏီဝင်းထဲမှာ စစ်သား ၁၀ ယောက်လောက် နေရာလာယူထားတာ၊ အဲတာကို ကေအိုင်အေဘက်က ဖယ်ဖို့ပြောတယ်လေ၊ ကုမ္ပဏီဝင်းထဲက လူတွေကို အကာအကွယ်မယူဖို့ပြောတာ၊ အဲတာကို တပ်ဘက်က လူတွေက သေနတ်နဲ့အရင်စပစ်လို့ ကေအိုင်အေက ဝင်ပြီးမီးရှို့လိုက်တာ” ဟုပြောသည်။
ကုမ္ပဏီဝင်းရှိစက်ရုံများပျက်စီးသွားသော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သူက ဆက်ပြောသည်။
ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ်ခန့်မှစတင်ကာ ဒေသခံများ၏ မြေဧက ၃ သိန်းခန့်ကို သိမ်းဆည်းပြီး စိုက်ပျိုးရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ဓာတ်ပုံ ၁ – ကေအိုင်အေစစ်သားများ

ဓာတ်ပုံ ၂ နှင့် ၃ – ယုဇနကုမ္ပဏီစက်ရုံသို့ အစိုးရဌာနတာဝန်ရှိသူများ စစ်ဆေးရေးဝင်ရောက်စဉ် (Photo Credit to DICA)

သင့်ထင်မြင်ချက်ရေးပေးပါ