မြစ်ကြီးနား ၂၁ မိုင်ဂိတ် ခေတ္တပိတ်၊ သေနတ်သံများကြားရဟုဆို

မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို ယနေ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်း ၂နာခွဲခန့်က သွားလာခွင့်ခေတ္တပိတ်ခဲ့ကြောင်း ခရီးသွားပြည်သူများထံမှသိရသည်။

မြစ်ကြီးနား ၂၁ မိုင်ဂိတ် ခေတ္တပိတ်၊ သေနတ်သံများကြားရဟုဆို

 

၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားမော်တော်ယာဉ်များကို ဖြတ်သန်းခွင့် နာရီအတန်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေချိန်၌ ပစ်ခတ်သံများကြားရသည်ဟု ခရီးသွားပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။
“၂၁မိုင်ဂိတ်မှာ ပိတ်မိနေတဲ့အချိန်မှာ သေနတ်သံတွေကြားရတယ်၊ ဂိတ်က သွားခိုင်းပြီး ၂၁ မိုင်ဂိတ်ကျော်ပြီး တောင်ထိပ်နားရောက်တဲ့အချိန်ရော သေနတ်သံတွေ ကြားရတယ်။ ဆက်တိုက်ပစ်တာတော့ မဟုတ်ဘူး…ပစ်လိုက် နားလိုက်နဲ့” ဟုဆိုသည်။
၂၁မိုင်ဂိတ်အကျော် မြစ်ကြီးနားမြို့သို့ တက်လာသော လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်းများနှင့် တင့်ကားနှစ်စီးကိုလည်း တွေ့ခဲ့ရကြောင်း သူက ပြောသည်။
ဂိတ်ကိုပိတ်ထားချိန်တွင် မြစ်ကြီးနားသို့သွားသည့်ကားများကို ပိတ်ပင်ထားပြီး မြစ်ကြီးနားမှ လာသည့်ကားများကို အစီးရေအနည်းငယ်စီသွားခွင့်ပြုခဲ့သည်ဟု အခြားခရီးသွားတစ်ဦးက ပြောသည်။
“မြစ်ကြီးနားဘက် တက်လာတဲ့ ကားတွေကတော့ သွားခွင့်မပြုသေးဘူး။ ဒီတိုင်းပဲရပ်နေကြတာပေါ့၊ မြစ်ကြီးနားဘက်ကနေ ဆင်းလာတဲ့ကားတွေကိုတော့ နည်းနည်းစီခြားပြီးမှ တစ်စီးပြီးတစ်စီးတော့ သွားခိုင်းနေတယ်” ဟု ပြောသည်။
၂၁မိုင်ဂိတ်အနီးတွင် ပိတ်မိနေချိန်၌ ခရီးသွားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ဖုန်းပိတ်ခိုင်းသည့်အပြင် ဓါတ်ပုံလည်း ဓါတ်ပုံမရိုက်ရန်လာရောက် သတိပေးပြောဆိုကြောင်း၊ မီးခြစ်ပါ/မပါကိုလည်း စစ်ဆေးကြောင်း သူက ဆက်ပြောသည်။
၂၁မိုင်ဂိတ်အနီးတွင် ဆီဘောက်ဆာကားတစ်စီးဖောက်ခွဲခံရကြောင်း ခရီးသွားပြည်သူများ အချင်းချင်းပြောဆိုနေကြသော်လည်း The 74 Media က အတည်နိုင်ခြင်းမရှိပါ။

ကချင်ပြည်နယ်အတွင်း ဆန္ဒပြပြည်သူများ သေဆုံးသည်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ပြည်နယ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများမကြာခဏဖြစ်ပေါ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ