ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်များက ကျည်အစစ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိပြီး အချို့အဖမ်းခံရ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကွက်သစ် နယ်မြေ (၁၄) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သောကြောင့် အမျိုးသားတစ်ဦးကျဆုံးကာ တစ်ဦးလက်မောင်းတွင် ဒဏ်ရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများကပြောသည်။

ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်များက ကျည်အစစ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိပြီး အချို့အဖမ်းခံရ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူမှာ အသက် ၂၃နှစ်အရွယ်ကို မျိုးမင်းသူဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် သဂြိုလ်သွားမည်ဖြစ်သည်။
လက်မောင်းတွင် ကျည်ထိမှန်ခဲ့သော အမျိုးသားမှာ အခြေအနေကောင်းမွန်ပြီး အသက် ၆၀ခန့်အရွယ် ဦးဌေးဆိုသူ အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့များက နေအိမ်အတွင်းဝင်ရောက်ကာ ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူများကပြောသည်။
ထို့အပြင် ရပ်ကွက်အတွင်း လာရောက် ဖြိုခွင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တစ်လုံးမီးရှို့သွားကြောင်း မျက်မြင်တွေ့ရှိသူပြည်သူတစ်ဦးကဆိုသည်။
“ရပ်ထားတဲ့ဆိုင်ကယ်ရှိတယ်။ အဲ့ဒီဆိုင်ကယ်က ဓါတ်ဆီကို ထုတ်ပြီးတော့ အိမ်ကို ဓါတ်ဆီနဲ့ပက်ပြီး မီးရှို့သွားတယ်။ ပြီးတော့ တစ်လမ်းလုံး ဆဲတယ်။ လူမျိုးခွဲခြားတဲ့စကားလုံးတွေသုံးပြီး ဆဲတယ်” ဟု ပြောသည်။
ယနေ့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်များလာရောက်ဖြိုခွင်းချိန်တွင် မျက်ရည်ယိုဗုံးအသုံးပြုခဲ့ခြင်းမရှိဘဲ ကျည်အစစ် နှင့် ရာဘာကျည်များ အသုံးပြုသွားကြောင်း ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူတစ်ဦးက ယခုလိုပြောသည်။
“ဒီနေ့ မျက်ရည်ယိုဗုံးတွေ အသံဗုံးတွေ မသုံးဘူး။ ကျည်အစစ်နဲ့ ရာဘာကျည်တွေနဲ့ ပစ်သွားတာ” ဟုဆိုသည်။
သူ၏ ပြောဆိုချက်အရ ကျည်အစစ် အချက် ၅၀ခန့်၊ ရာဘာကျည် အချက် ၂၀ခန့်ဖြင့် ဖြိုခွင်းခဲ့ကြောင်းပြောသည်။
စစ်ကောင်စီတပ်များက ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ပြတင်းပေါက်များ၊ အိမ်နံရံများ၊ ဓါတ်တိုင်များ၊ အုတ်တံတိုင်းများ၊ လူနေအိမ်အတွင်းရှိ ပစ္စည်များကို ထိမှန်ခဲ့သည်။
“ညနေ ၇နာရီလောက်မှာ လူစုခွဲလိုက်ပြီ” ဟု ပြည်သူတစ်ဦးကဆိုသည်။

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့ကတည်းက ရပ်ကွက်အတွင်းလမ်းများပိတ်ဆို့ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် နေ့စဉ် ပြုလုပ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ