ကေအိုင်အေ 12

ဖားကန့်မြို့၊ကထန်ကျေးရွာ၊တောမော်အနီးတဝိုက်တွင် ယနေ့ မတ်လ ၂၈ရက်နေ့၊ နံနက် ၁ နာရီခွဲ အချိန်ခန့်က တိုက်ပွဲများဖြစ်ပွါးနေသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

လက်နက်ကြီးသံများနှင့်ပစ်ခတ်သံများ လုံးခင်းမြို့ထဲအထိကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်ဘက်ကအရင် လက်နက်ကြီးတွေနဲ့ပစ်တာနေမှာ၊ ရဟတ်ယာဉ် ၂ စီးလည်း လာတာ ကြားတယ် ၊ လက်နက်ကြီးသံတွေက ဆူလို့ညံလို့ပဲ မြို့ထဲထိကြားရတယ် ၊ မနက်အစောကြီးဖြစ်တာဆိုတော့ မမြင်ရဘူးပေါ့”ဟု ဒေသခံက ပြောသည်။
နံနက် ၁ နာရီခွဲမှ နံနက် ၅ နာရီ ဝန်းကျင်ထိ လက်နက်ကြီးဖြင့် အချက် ၄၀ ခန့် ပစ်ခတ်သံများ ကြားခဲ့ရသဖြင့် ပြည်သူများထွက်ပြေးခဲ့ရသည်ဟု သူကဆက်ပြောသည်။
” ပစ်ခတ်သံကြားတော့ ကထန်က လူတွေ ၂ နာရီလောက် ထပြေးကြရသေးတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်အတွင်းရှိ နေရာသုံးနေရာခန့်တွင် တိုက်ပွဲများဖြစ်ပေါ်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။
မတ်လ ၁၄ ရက်နေ့ ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးပြီးနောက်ပိုင်း တိုက်ပွဲများ မကြာခဏ ပိုမိုဖြစ်ပွားလာခဲ့သည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ဖေဖော်ဝါရီလ မှ စ၍ ယနေ့အချိန်ထိ ဖားကန့်တွင် စစ်တပ်ဘက်မှ ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ