ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှ တစ်ဝမ်းကွဲ ညီအစ်ကိုနှစ်ဦးသည် မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက စျေးသွားဝယ်စဥ် ပျောက်ဆုံးသွားကြောင်းမိသားစုဝင်များထံမှသိရသည်။
ယမန်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် မြစ်ကြီးနားမြို့တွင်းရှိ ကုန်စုံဆိုင်တစ်ခုတွင် ဈေးသွားဝယ်အချိန်ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ပျောက်ဆုံးနေသူ နှစ်ဦး၏ အစ်ကိုဖြစ်သူက The 74 Media ကို ပြောသည်။
“ရေစင်ဈေးက ဝင်းမေတ္တာကုန်စုံဆိုင်မှာ ဆားအိတ် ဝယ်ထားတာ၊ အဲ့ဒါသွားယူတာ၊ အဲ့ကတည်းက ပျောက်သွားတာ၊ အဲ့ဆိုင်မှာကျွန်တော်တို့ ပြန်သွားမေးကြည့်တော့ ပစ္စည်းတွေက ယူသွားပြီတဲ့၊ အဲ့ကတည်းက ဆက်သွယ်လို့ မရတော့တာ” ဟု ပြောသည်။
ပျောက်ဆုံးပြီး နာရီအနည်းငယ်အတွင်း ၎င်းတို့နှစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်ကြည့်ရာ ဖုန်းဝင်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိကာ နောက်ပိုင်းတွင် စက်ပိတ်သွားကြောင်း သူက ဆက်ပြောသည်။
ပျောက်ဆုံးနေသည့် ညီအစ်ကို ၂ဦးမှာ မောင်ဆိုင်းမြတ် ၂၀ နှစ် နှင့် မောင်ဇော်လတ်အောင် ၁၈ နှစ်တို့ဖြစ်ကာ ၎င်းတို့နှစ်ဦးမောင်းနှင်သွားသည့် Hondaကားအဖြူနှင့်အတူ ပျောက်ဆုံးနေခြင်းဖြစ်သည်။
မိသားစုဝင်များမှ မြစ်ကြီးနားမြို့ရှိ ရဲစခန်း ၃ ခုစလုံးတွင် လူပျောက်တိုင်ကြားထားသည်ဟုလည်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ