Breaking News 47 Media

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဦးခက်အောင်နှင့် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကို ယနေ့မတ်လ ၂၃ ရက်နေ့တွင် ရုံးထုတ်ခဲ့ကြောင်း ၎င်းတို့​၏ရှေ့နေထံမှ သိရသည်။

ဝန်ကြီးချုပ်ဦးခက်အောင်နှင့်ပတ်သက်သည့် မှုခင်းစီမံခန့်ခွဲမှု အကြိုအစည်းအဝေးကို ပြုလုပ်ခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက The 74 Media ကို ပြောသည်။
“ဝန်ကြီးချုပ်ရုံးထုတ်သွားပြီဗျ၊ ခဏလေးကပဲ၊ ဒီနေ့ကတော့ဟိုဟာပဲ၊ မှုခင်းစီမံခန့်ခွဲမှု အကြိုအစည်းအဝေးပေါ့” ဟု ပြောသည်။
လာမည့်မတ်လ ၃၀ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို အပြီးသတ်ပြုလုပ်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဝန်ကြီးဦးဒါရှီလဆိုင်းအမှုတွင် သက်သေခံတင်သွင်းမှုနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသဖြင့် ခရိုင်တရားရုံးတွင် ပြင်ဆင်မှုတက်ရောက်ခဲ့သည်ဟု သူက ဆက်ပြောသည်။
” ဦးဒါရှီလဆိုင်းအမှုကတော့ တရားလိုစစ်ဆေးဆဲပေါ့၊တရားလိုစစ်ဆေးဆဲအမှုမှာ သက်သေခံတင်သွင်းတာနဲ့ပတ်သက်လို့ စွပ်စွဲခံရသူဘက်ကကျေနပ်မှုမရှိတဲ့အတွက်ခရိုင်တရားရုံးမှာပြင်ဆင်မှုတက်ရောက်ခဲ့တယ်” ဟု ပြောသည်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီး၏ ကျန်းမာရေးအခြေအနေများကောင်းမွန်ကာ ၎င်းတို့ကိုလိုက်ပါဆောင်ရွက်ပေးသည့်ရှေ့နေများနှင့်တရားဝင် သီးသန့်တွေ့ဆုံခွင့်မရကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို မတ်လ ၁၇ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ (၂၅) ဖြင့်အမှုဖွင့်ခဲ့ပြီး ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ