မိုးညှင်းမြို့ ဆန္ဒပြပွဲများတွင် ဦးဆောင်သူဟုဆို​ကာ ပြည်သူ (၃၂)ဦး ဖမ်းဝရမ်းထုတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလ လဆန်းပိုင်းမှစတင်ပြီး ယနေ့အထိ လှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ဦးဆောင်သူများဟုဆို​ကာ ပြည်သူ (၃၂)ဦးသည် ဖမ်းဝရမ်းထုတ်ထားခံရ​ကြောင်းသိရသည်။

မိုးညှင်းမြို့ ဆန္ဒပြပွဲများတွင် ဦးဆောင်သူဟုဆို​ကာ ပြည်သူ (၃၂)ဦး ဖမ်းဝရမ်းထုတ်ခံရ

 

ဖမ်းဝရမ်းထုတ်ခံရသူ(၃၂)ဦးတွင် အချို့မှာ ဖမ်းဆီးခံထားရသူများဖြစ်ပြီး အများစုမှာ တိမ်းရှောင်နေ​ရကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက The 74 Media ကိုပြောသည်။
“အဖမ်းခံရသူတွေအပါ စာရင်းလုပ်ကြည့်တာ ဒီနေ့(၂)ယောက်တိုးတယ်ဆိုတော့… စုစုပေါင်း ဝရမ်းထုတ်ထားတာက အယောက် (၃၂)ဦး ရှိတယ်။ သိတဲ့သူတွေကို မေးကြည့်တော့ စာရောက်တယ် ပြောတယ်။ အဖမ်းခံရတဲ့ဟာက (၇)ဦးလောက်ရှိပြီ”ဟုပြောသည်။
ဖမ်းဝရမ်းထုတ်ထားခံရသူအများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်​ကြောင်း သူက​ပြောသည်။
ဦး​ဆောင်သူဟုဆိုကာ ပထမဆုံးဖမ်းဆီးခံရသူ ၂ ဦးမှာ ဆန္ဒပြမှုမှာပါဝင်သူများမဟုတ်သော်လည်း ၎င်းတို့ ၂ဦး၏ ဖုန်းတွင် ဆန္ဒပြပြည်သူများအား ဓာတ်ပုံရိုက်ထားသည်ကိုတွေ့သဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ​​ထောင်ချထား​ကြောင်း သူက ဆက်​ပြောသည်။
“ပထမဦးဆုံးအဖမ်းခံရတဲ့သူ(၂)ဦးက ဆန္ဒပြသူလည်းမဟုတ်၊ ဦးဆောင်သူလည်းမဟုတ်ဘဲ ဝရမ်းထုတ်ထားတဲ့သူတွေ သုဿန်မှာစုနေနေကြတယ်ဆိုပြီး သတင်းရလို့လာတာ ဘယ်သူမှမတွေ့လို့ အဲ့မှာရှိနေတဲ့ နှစ်ယောက်ရဲ့ဖုန်းမှာတွေ့တာနဲ့ဖမ်းသွားတာ။ ဓာတ်ပုံရိုက်ထားတာတွေကတော့ ဆန္ဒပြလမ်းကြောင်းမှာ လူတိုင်းရိုက်နေကြတာပဲလေ၊ သူတို့ကတော့ ပရဟိတသမားတွေ။ အကုန်လုံးတောင် ကမ်ပိန်းတွေလုပ်ကြသေးတယ်။ ချက်ချင်းလွှတ်ပေးဖို့ သွားပြောသေးတယ်။ ရပ်မိရပ်ဖတွေ အသင်းဥက္ကဌတွေ ဘုန်းကြီးတွေ သွားပြောတာလည်း မရခဲ့ဘူး။ ချက်ချင်းပုဒ်မတပ်ပြီး ထောင်ကိုခေါ်သွားတာပေါ့။”ဟုပြောသည်။
မတ်လ ၁၉ရက်နေ့အထိ မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်အတွင်း စစ်တပ်နှင့်ရဲများ၏ ဖြိုခွင်းခံရမှု​ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးရှိပြီး ဖမ်းဆီးခံရသူ ၇ ဦးခန့်ရှိ​ကြောင်းသိရသည်။

Photo Courtesy : Unknown

သင့်ထင်မြင်ချက်ရေးပေးပါ