ဝိုင်းမော်တွင် ဖမ်းဆီးခံရသည့် ဆရာမနှစ်ဦး

ဝိုင်းမော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဆရာမနှစ်ဦးကို ယနေ့ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သိရသည်။

ဆရာမလငန်လွမ်းနော်နှင့် ဒေါ်ဇတန်းဇယ်ညွှယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ယနေ့တရားလိုကို အတူလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးသက်ထွန်းဦးက စစ်ဆေးခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေဦးဂဲနက်စ်က The 74 Media ကိုပြောသည်။
“ဆရာမနှစ်ဦးကို ဘေးစီ ၂၉ နဲ့ အမှုဖွင့်ထားတာကို ဒီနေ့ပထမဆုံးရုံးထုတ်စစ်ဆေးတာပါ။ တရားလိုဒုရဲမှူမင်းဇော်ဦးဘက်ကို စစ်ဆေးတာပါ။ အဓိက စစ်ဆေးပေးတာက တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးဖြစ်ပါတယ်” ဟုပြောသည်။
ဆရာမနှစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု သူက ဆက်ပြောသည်။
“အမှုသည်တွေနဲ့ ကောင်းကောင်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကောင်းတယ်လို့လည်း ပြောပါတယ်။ ရိုက်နှက်တာ နှိပ်စက်တာ မရှိဘူးလို့ သိရတယ်” ဟု ဆိုသည်။
ဆရာမနှစ်ဦး၏ အမှုကို ယခုလ ၃၀ ရက်နေ့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

မူလတန်းကျောင်းအုပ် ဆရာမလငန်လွမ်းနော်နှင့် ဒေါ်ဇတန်းဇယ်ညွှယ်တို့ကို အမှုဖွင့်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ သည် အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် တစ်နှစ်အထိ ကျခံနိုင်သည့်အမှုဖြစ်သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ