ဂွေထော်မှ စစ်ရှောင်ပြည်သူ

အင်ဂျန်းယန်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး ယနေ့နံနက် ပလနစစ်ရှောင်စခန်းသို့ရောက်ရှိလာသည့် ဂွေထော်မှ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီလိုအပ်နေသည်ဟု သိရသည်။

အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်ထွက်ပြေးလာရသဖြင့် လတ်တလောအခြေအနေတွင် အစားအသောက်အတွက်အကူအညီလိုအပ်နေသည်ဟု ဂွေထော်ကျေးရွာမှတိမ်းရှောင်လာသူဒေါ်ထုလွမ်က The 74 Media ကို ပြောသည်။
“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာရတာဖြစ်တဲ့အတွက် လောလောဆယ်တော့ စားဖို့သောက်ဖို့အတွက်လိုအပ်တယ် အဝတ်အစားရယ် ပြီးတော့အသုံးအဆောင်ပစ္စည်းတွေပေါ့” ဟု ပြောသည်။
စစ်ရှောင်ပြည်သူများကို လက်ရှိအချိန်တွင်နေစရာပေးထားသော်လည်း စားဝတ်နေရေးကိစ္စအဝဝအတွက် အကူအညီပေးစေချင်သည်ဟု ပလနစိန့်ဂျိုးဆက် စစ်ရှောင်စခန်းတာဝန်ခံဦးခွန်းအောင်က ပြောသည်။
“စစ်ရှောင်တွေဆိုတာ သူများအလှူနဲ့ရပ်တည်အသက်ရှင်ရတာပါ။ ဒါကြောင့် အခုရောက်လာတဲ့ စစ်ရှောင်တွေကို ဒီမှာ နေစရာပေးပြီး ပြင်ပအလှူရှင်တွေဆီက ရတာနဲ့ လောလောဆယ်ဖြေရှင်းပေးထားပေမယ့် သူတို့ရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် အကူအညီပေးစေချင်ပါတယ်” ဟု ပြောသည်။
စစ်ရှောင်ပြည်သူများတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများနှင့် မွေးကင်းစ ကလေးငယ်များ ပါဝင်ပြီး စုစုပေါင်း ၁၈၉ ဦးရှိသည်။
စစ်ရှောင်ပြည်သူများသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်လာသဖြင့် ညတွင်းချင်း ကျေးရွာကို စွန့်ခွာထွက်ပြေးလာရသူများဖြစ်ကြပြီး ကျေးရွာလေးရွာမှ ရွာသား တစ်ရာကျော်ရှိသည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်းတစ်ရာကျော်တွင်နေထိုင်သည့် စစ်ရှောင်ပြည်သူ တစ်သိန်းခန့်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ