ပိုစတာနှင့်ဗီနိုင်

မြစ်ကြီးနားမြို့အတွင်းရှိ ပိုစတာနှင့် ဗီနိုင်းထုတ်လုပ်ရေးဆိုင်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများ၊ ဗီနိုင်းများ ပုံနှိပ်ပေးခြင်း၊ ထုတ်ပေးခြင်းများ ထုတ်လုပ်ခြင်းမရှိရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားဆီးပိတ်ပင်ထားသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ရှိဆိုင်အချို့ကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ ထုတ်ပေးခြင်းမပြုလုပ်ရန် စာထုတ်ပြီး သတိပေးမှုများရှိကြောင်း ဆိုင်ပိုင်ရှင်များကပြောသည်။
“ဆိုင်ကိုလာပြီးတော့ ရှာဖွေတာတော့ မရှိဘူး။ အိမ်ကိုလာပြီး ဟိုဟာမထုတ်ရ ဒီဟာမထုတ်ရဆိုတာတော့ လာရောက်တားမြစ် ပြောဆိုသွားတာတော့ရှိတယ်။အရပ်ဝတ်တွေနဲ့ ” ဟု ပိုစတာနှင့်ဗီနိုင်းထုတ်လုပ်ရေးဆိုင်ပိုင်ရှင်တစ်ဦးကပြောပြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ၊ ဗီနိုင်များ ထုတ်ဝေးပေးခြင်းရှိ/မရှိ ကို ဝင်ရောက်စစ်ဆေးခံခဲ့ရသည်ဟု သူကဆက်ပြောသည်။
မြစ်ကြီးနားမြို့ရှိ ပိုစတာနှင့် ဗီနိုင်းထုတ်လုပ်ရေးဆိုင် ၄ ဆိုင်ကို The 74 Media က လိုက်လံမေးမြန်းချိန်တွင် ဆိုင်ရှင်များက ထိုကဲ့သို့ဖြေကြားခဲ့သည့်အပြင် အချို့ဆိုင်အပေါက်ဝများတွင်လည်း ဥပဒေနှင့်မလွတ်ကင်းသောစာသားများ ပုံနှိပ်ပေးမည်မဟုတ်ကြောင်းလည်းရေးသားထားသည်။
ပြီးခဲ့သည့် မတ်လ လဆန်းပိုင်းက ပိုစတာနှင့်ဗီနိုင်းထုတ်လုပ်ရေးဆိုင်တစ်ဆိုင်အား စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးသွားခဲ့ကြောင်း အဆိုပါ ဆိုင်ပိုင်ရှင်တစ်ဦးက The 74 Media ကို ယခုလိုပြောသည်။
“တားမြစ်ပိတ်ပင်တယ်လို့မပြောပေမယ့် ဝင်ရောက်ရှာဖွေပြီဆိုကတည်းက ဒီသဘောသက်ရောက်တာပဲလေ။ ဘာရှာမယ်ဆိုတာလည်းမပြောဘူး။ ကွန်ပျူတာတွေဖွင့်စစ်ပြီး ဓာတ်ပုံရိုက်သွားတာတွေတော့ ရှိတယ်”ဟုဆိုသည်။

မြစ်ကြီးနားမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပိုစတာကပ်သည့်ကမ်ပိန်း၊ ဗီနိုင်စာရွက်များလိုက်လံကပ်သည့် ကမ်ပိန်းများအပြင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့်နေရာများတွင် ပိုစတာနှင့်ဆိုင်းဘုတ်များကိုင်ဆောင်ဆန္ဒပြကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ