ရွာလုံးကျွတ် ထွက်ပြေးလာရ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဂွေထောင်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာ၊ ပဆိစွတ်ကျေးရွာ နှင့် ဆနီဒူယန်ကျေးရွာအနီးတွင် တပ်မ​တော်နှင့် KIAအဖွဲ့တို့ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ကျေးရွာ ၄ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ရကြောင်း သိရသည်။

ရွာလုံးကျွတ် ထွက်ပြေးလာရ

 

“မနေ့က ညနေ ၅နာရီခွဲလောက်က တိုက်ပွဲစဖြစ်လို့ တောထဲပြေးတဲ့သူကပြေး၊ တောင်ယာမှာပြေးတဲ့သူတွေကပြေး၊ အိမ်တစ်အိမ်မှာ အားလုံးပေါင်းအိပ်တဲ့အိမ်က အိပ်နဲ့ မနက်မိုးလင်းသွားတာပါ။ တန်ဘောင်ယန်ကျေးရွာအနီး ရွာအရှေ့ဘက်မှာ လက်နက်ကြီးလည်းကျတယ်။ တောဘက်တွေ၊ တောင်ပေါ်တွေမှာလည်း ကျတယ်၊ ရွာထဲတော့ မကျဘူး။ တစ်ညလုံး ပစ်ခတ်သံတွေကြားနေရတယ်၊ ဒီမနက် ၇ နာရီလောက်တော့ အသံမကြားတော့ဘူး” ဟု တန်ဘောင်ယန်ဒေသခံတစ်ဦးကပြောသည်။
တန်ဘောင်ယန်ကျေးရွာမှ ပြည်သူများသည် ယမန်နေ့ညက တောထဲ၊ တောင်ယာခင်းထဲတွင် ပုန်းခိုပြီးနောက် ယနေ့ နံနက်ပိုင်းက ခြေလျင်ခရီးဖြင့် ထွက်ပြေးလာပြီးနောက် ၁၀နာရီခွဲခန့်တွင် တန်ဖဲကက်သလစ် ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့သည်။
မြစ်ဆုံအထက်ဘက် မလိခမြစ်နဘေးရှိ ဂွေထောင်ကျေးရွာမှ ပြည်သူများသည် မလိခမြစ်အထက်ဘက်သို့ ထွက်ပြေးရာတွင် တန်ဖဲကက်သလစ်ဘုရားကျောင်းမှ တာဝန်ယူကာ ကားများဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည်။
ပဆီစွတ်ကျေးရွာနှင့် ဆနီဒူယန်ကျေးရွာမှ ပြည်သူများသည် ညနေ ၄နာရီခွဲခန့်က တန်ဖဲကက်သလစ် ဘုရားကျောင်းသို့ ထပ်မံရောက်ရှိလာခဲ့ကြသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများတွင် ထိခိုက်ဒဏ်ရာရှိသူများ မပါဝင်ကြောင်းသိရသည်။
“ဂွေထောင်ကျေးရွာမှာ သက်ကြီးရွယ်အို ၃ယောက်ကျန်ခဲ့တယ်။ အခုသွားခေါ်နေပြီ၊ ပဆိစွတ်ကျေးရွာမှာလည်း ပြည်သူ ၄ယောက်လောက် ကျန်ခဲ့တယ်ပြောတယ်၊ ရွာတွေအားလုံးကတော့ ရွာလုံးကျွတ်ထွက်ပြေးလာတာ” ဟု ဓမ္မဆရာတစ်ဦးကဆိုသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အဆိုပါ ကျေးရွာ ၄ ရွာမှ ပြည်သူများသည် ၂၀၁၈ခုနှစ်က တပ်မတော်နှင့် KIAအဖွဲ့တို့အကြား တိုက်ပွဲကြောင့် မြစ်ကြီးနား ပလန စစ်ရှောင်စခန်းနှင့် တြီနီတီ စစ်ရှောင်စခန်းတွင် တိမ်းရှောင်နေသူများဖြစ်ပြီး ၂၀၂၀ခုနှစ်မှစတင်ပြီး နေရပ်သို့ ခေတ္တပြန်ကာ တောင်ယာလုပ်ခြင်း၊ ကျေးရွာစောင့်ခြင်း၊ တိရိစ္ဆာန်ထိန်းကျောင်းခြင်း၊ စိုက်ပျိုးရေးလုပ်ကိုင်နေရာမှ ကိုဗစ်၁၉ရောဂါ ဖြစ်ပွားလာသောကြောင့် ၎င်းတို့၏ ကျေးရွာများတွင် အနေကြာသွားခြင်းဖြစ်ကြောင်း အဆိုပါ ဓမ္မဆရာက ရှင်းပြသည်။
တန်ဖဲကက်သလစ်ဘုရားကျောင်းတွင် ရောက်ရှိနေသော ကျေးရွာ ၄ရွာမှ ဒေသခံများသည် ၎င်းတို့နေထိုင်ရာ စစ်ရှောင်စခန်းများဆီသို့ ပြန်ရန် စီစဉ်နေကြောင်းသိရသည်။
လက်ရှိအချိန်တွင် တန်ဖဲကက်သလစ်ဘုရားကျောင်း၌ ကျေးရွာ ၄ရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ လူဦးရေ ၁၅၀ခန့်၊ အိမ်ထောင်စု ၄၂ စုရောက်ရှိနေကြောင်းသိရသည်။

မြစ်ဆုံအထက်ဘက်ရှိ မလိခမြစ်နဘေးရှိ ဂွေထောင်ကျေးရွာအနီးတွင် တပ်မတော်စစ်စခန်းရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ