KTCS

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်း ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် (KTCS) တွင် မတ်လ ၁၃ ရက် ည ၁၁ နာရီခန့်တွင် ဝင်ရောက်လာသည့် စစ်ကား ၁၀ စီးခန့်သည် ယနေ့ နံနက် ၂ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

အထက်အမိန့်အရဟု ဆိုကာ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး ကျောင်းသားများစာရင်းကောက်ယူသွားသည်ဟု သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်က The 74 Media ကိုပြောသည်။
“ကျောင်းထဲဘာကြောင့်ဝင်တယ်ဆိုတာ မသိရဘူး၊ အထက်အမိန့်လို့ပဲပြောတယ်။ အထက်အမိန့်အရ ဆိုလို့ ဘာပဲပြောပြော ကျောင်းထဲဝင်ပြီး စာရင်းကောက်ပြီးပြန်မယ်ဆိုလို့ နောက်ဆုံးကျောင်းထဲဝင်တာပေါ့။ လောလောဆယ်ကျောင်းမှာနေနေတဲ့ ကျောင်းသားတွေရဲ့ စာရင်း ကျောင်းသားတွေနာမည်၊ အသက်၊ နေရပ်လိပ်စာနဲ့ ကျောင်းသားမိဘတွေနာမည် စာရင်းယူသွားတယ်” ဟုပြောသည်။
လက်ရှိအချိန်သည် COVID ကာလဖြစ်သောကြောင့် ကျောင်းပိတ်ထားသော်လည်း လက်ရှိကျောင်းထဲတွင် ကျောင်းသားဦးရေ (၄၀) ခန့်ရှိသည်။
ကျောင်းအတွင်းတွင် ရှိနေသောကျောင်းသားများမှာ MUSIC ဘာသာကို သင်ယူလေ့လာနေသောကျောင်းသားများဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များနေ့စဉ် နေရာအနှံ့လုပ်ဆောင်နေသည့်အပြင် လွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ