မြို့သစ်ကြီးရပ်ကွက်ရှိ သံပန်းဆိုင်မှ လူငယ်လေးဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးကွက်သစ်၌ဖွင့်လှစ်ထားသော ရာကျော်သံပန်းနှင့်ကားဘော်ဒီဆိုင်မှ လူငယ်လေးဦးကို ယနေ့ နံနကျ ၁၀ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ရာကျော်သံပန်းနှင့် ကားဘော်ဒီဆိုင်သည် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များအတွက် ဒိုင်းကာပြုလုပ်ပေးနေသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက The 74 Media ကို ပြောသည်။
“ဆန္ဒပြတဲ့လူတွေကို ဒိုင်းကာ လုပ်ပေးလို့ တော့ပြောတယ်။ အဲ့က လေးယောက်ပါသွားတယ်။ ယောကျာ်းလေးတွေပဲ” ဟု ပြောသည်။
ဆိုင်မှ လူများကို လာရောက်ဖမ်းဆီးစဉ် ရပ်ကွက်နေပြည်သူများက ဝန်းရံခဲ့သော်လည်း ရဲတပ်ဖွဲ့များက သေနတ်နှင့်ချိန်ထားသောကြောင့် ဝန်းရံ၍မရခဲ့ကြောင်း အခြားမျက်မြင်​တွေ့ရှိသူက ပြောသည်။
“ဝန်းရံချင်ပေမယ့် သူတို့ရဲ့ အချုပ်ကားအကြီးကြီးမှာ လူကနှစ်ဆယ်ယောက်ပါတယ် နောက်ထပ် ကားအသေး ရိုးရိုး policeဆိုတဲ့စာသားပါတဲ့ ကားနှစ်စီးမှာလည်းအပြည့် သေနတ်တွေနဲ့။ မကြည့်ခိုင်းဘူး။ သေနတ်တွေချိန်ပြီး ပြထားတော့ ဝန်းရံလို့မရဘူး” ဟု ပြောသည်။
ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်လေးဦးသည် ကိုထွန်းနောင် အသက် (၂၅)၊ ကိုထွန်းခိုင် အသက်( ၂၃) နှင့် အမည်မသိ လူငယ်နှစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။

ရာကျော်သံပန်းနှင့်ကားဘော်ဒီဆိုင်သည် ရပ်ပူရပ်ကွက်မှ မြို့သစ်ကြီးကွက်သစ်သို့ ပြောင်းရွေ့လာသည်မှာ လအနည်းငယ်သာရှိ သေးသည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ