ရက်ပေါင်း၂၀ အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြှင့်တက်
မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလမှစ၍ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီဈေးနှုန်းများ တဖြည်းဖြည်း တိုးမြှင့်လာပြီး
ထိုသို့မြင့်တက်လာမှုကြောင့် ရောင်းချသူအနေဖြင့် ခက်ခဲနေကြောင်းပြောသည်။
ရက်ပေါင်း၂၀ အတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြှင့်တက်

ကုန်ဈေးနှုန်းသည် ယခုလ ၅ ရက်နေ့နောက်ပိုင်း မှ စတက်လာပြီး အခြေခံစားသောက်ကုန်ဖြစ်သည့်
ပြည့်ဝ ဆီ ၅၀ သားလျှင် ၁၅၀၀ ကျပ် မှ ယခုလတွင် ၂၀၀၀ ကျပ်ထိမြင့်တက်လာပြီး
၅ ပိဿာပုံးလျှင် ယခင် ၁၅၀၀၀ကျပ်မှ ယခု ၁၈၀၀၀ကျပ်ထိ မြင့်တက်သွားကြောင်း မြစ်ကြီးနားရေစင်ဈေးအနီးရှိ
ကောင်းမွန်ကုန်စုံဆိုင်မှ The 74 Media ကိုပြောသည်။
“ကုန်ဈေးနှုန်းတွေက တော်တော်တက်လာတယ်။
ဆန်တွေ ဆီတွေက တော်တော်တက်လာတယ်။ ပြည့်ဝဆီက စစချင်းရောင်းတုန်းက ၅၀ သားကို ၁၅၀၀ ကနေ ၁၆၀၀.. အခုဆို ၂၀၀၀ တက်သွားပြီ။
ဆီက ဒီနေ့သွားယူရင် တစ်မျိုး နောက်နေ့ဆို တစ်မျိုးတက်သွားတာ။
ပြည့်ဝ ၅ ပိဿာပုံးဆို ၁၅၀၀၀ ကနေ ၁၈၀၀၀ တစ်ပတ်အတွင်းကို ၄၊ ၅ ထောင်လောက် တက်သွားတာ
မနက်ဖြန် တစ်ဘက်ခါဆိုနောက်တစ်ဈေးပေါ့” ဟု သူက ပြောသည်။
ထို့အပြင် ဆန်ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ လပိုင်းလဆန်းတွင် ၃၂၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်ထိ မြင့်တက်လာပြီး
ဆန်ကုန်သည်အနေဖြင့် ရောင်းရန်ခက်ခဲမှုရှိကြောင်း ဆန်ကုန်သည်တစ်ဦးမှ The 74 Media ကိုပြောသည်။
“ဆန်ဈေးက ၂ လပိုင်း လဆန်းပိုင်းတုန်းကဆိုရင် ၃၂၀၀၀ ဘဲရှိတယ်
အခုဒီနောက်ပိုင်းဆိုရင် ၃၇၀၀၀ပေါ့ ဆန်တစ်အိတ်ကို ၅၀၀၀လောက်တက်သွားတာပေါ့နော်။
စပါးဈေးတက်သွားတော့ ခက်ခဲတာပေါ့ အခုဝယ်တဲ့ဈေးနဲ့ ပြန်ရောင်းလိုက် ပြန်ရောင်းတဲ့ဈေးနဲ့ဘဲ
ပြန်ဝယ်လိုက်ရတာပေါ့နော် အစကစပါးတင်း ၁၀၀ ရင်းနိုင်ရင် တင်း ၁၀၀ အတွက် ပြန်ဝယ် နိုင်တာပေါ့
နောက်ပိုင်းဆိုရင်တော့ တင်း ၃၀ လောက်ဘဲဝယ်နိုင်တယ်” ဟုသူက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ လဆန်းပိုင်းမှစ၍
ဆန်ဈေးနှုန်း ဆီဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာပြီး ရက်ပေါင်း၂၀ကျော်အတွင်း ဆန်ဈေးမှာ ၅၀၀၀ ခန့်မြင့်တက်လာသည်။
ထိုကဲ့သို့ အခြေခံကုန်ဈေးနှုန်းများ ထပ်မံမြှင့်တက်လာမည်ကို ပြည်သူလူထုများမှ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ