လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ထွက်ပြေးတိမ်းရှောင်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှု ပထမရက်တွင် ပါဝင်ခဲ့သည့် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်သည်

ထွက်ပြေးတိမ်းရှောင်နေကြောင်း ဝန်ကြီးနှင့် နီးစပ်သူများထံမှ သိရသည်။

လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ထွက်ပြေးတိမ်းရှောင်နေ

လီဆူရေးရာဝန်ကြီးသည် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ပထမရက် (ဖေဖော်ဝါရီလ ၈ ရက်) တွင် လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် သွားရောက်ဝန်းရံပါဝင်ခဲ့သောကြောင့်

တိမ်းရှောင်နေ​သော်လည်း မိသားစုနှင့် အဆက်အသွယ်ရရှိ​နေ​ကြောင်းဝန်ကြီး၏ မိတ်ဆွေတစ်ဦးက The 74 Media ကို ပြောသည်။

“ဆန္ဒပြတဲ့ ပထမရက်မှာ ဝန်ကြီးနဲ့ သူ့သားသွားတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူတူသွားတာ၊ နောက်နေ့ရောက်တော့ လာဖမ်းမယ်ဆိုတဲ့ သတင်းတွေကြားလာတယ်၊

အဲတာနဲ့ သူရှောင်ထွက်နေတာ အခုအချိန်အထိပဲ” ဟု ဆိုသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် လီဆူရေးရာဝန်ကြီးကို ဖမ်းဆီးထားသည်ဟု ရေးသားဖော်ပြနေကြသော်လည်း သတင်းအမှားသာဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဝန်ကြီးဦးအားတီယောဟန်သည် လက်ရှိကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း မိသားစုနှင့် အဆက်အသွယ် ပုံမှန် ရ၊ မရကို မသိရှိကြောင်း မိတ်ဆွေတစ်ဦးက ပြောသည်။

“မိသားစုတွေနဲ့ အဆက်အသွယ်ရ၊ မရတော့ ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ အဆင်ပြေတယ်ဆိုတဲ့အကြောင်းတွေ ကြားသိရတယ်ပေါ့နော်” ဟု ပြောသည်။

လီဆူရေးရာဝန်ကြီး၏ မိသားစုဝင်များနေထိုင်သည့် နေအိမ်ပတ်ဝန်းကျင်တွင် အရပ်ဝတ်နှင့် သူစိမ်းများ မကြာခဏ လာရောက်စောင့်ကြပ်ကြည့်ရှုမှုများရှိသည်ဟု ဝန်ကြီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် အပါအဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦး​ဇော်ဝင်းနှင့် စည်ပင်ဝန်ကြီးဦးနော်လီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းနှင့် အခြားဝန်ကြီးနှင့်

NLD ပါတီဝင်အများအပြားကို တပ်မတော်က ယနေ့အချိန်အထိ ဖမ်းဆီးထားသည်။

သတင်း – The 74 Media
ဓာတ်ပုံ – Myanmar Now

သင့်ထင်မြင်ချက်ရေးပေးပါ