ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပညာရေးကောလိပ်ရှေ့တွင် ယနေ့နံနက် ၈ နာရီ ခွဲခန့်က
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းထွက်ခွာရန် ပြင်ဆင်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရသည်။

သပိတ်စစ်ကြောင်းထွက်ခွာရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ပညာရေးဝန်ထမ်းများကို ရိုက်နှက်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်တော့်ရှေ့မှာပဲ ရဲတွေက အသံပေးပြီးရိုက်ကြတယ်၊ ဆရာ၊ ဆရာမတွေက ကယ်ကြပါဦးတို့ဘာတို့ အော်ပြီး ထွက်ပြေးကြတာပေါ့၊ ရဲကားလည်း စစ်ကားလည်း ပါတယ်၊ သူတို့ကို တင်သွားတာက စစ်ကားဟုတ်တယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဆရာမသုံးဦးကို ဖမ်းဆီးသော်လည်း တစ်ဦးမှာ လွတ်မြောက်သွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးသည် ဒေါ်အေးကြည်စိန်နှင့် ဒေါ်အေးချမ်းမေတို့ဖြစ်ကြပြီး ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် ကျောင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ