ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲအုပ်ကို ပစ်စာပေးပို့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနှင့် ဝိုင်းမော်ရဲအုပ်ဦးကျော်ဆန်းဝင်းထံလိပ်မူပြီး မတ်လ ၁၁ ရက်နေ့တွင် KIA တပ်ဖွဲ့မှ ပစ်စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်

အဆိုပါပစ်စာကို ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှုးရုံး အနီးနေရာအနှံ့အပြားတွင် ကပ်ထားခဲ့သည်ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဘေးမှာတွေ ကပ်ထားတာ တွေ့တယ်။ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်ကပေါ့” ဟု သူက ပြောသည်။
ထိုအကြောင်းကြားစာနှင့် ပတ်သက်ပြီး The 74 Media ကဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပစ်စာနှင့်ပတ်သက်ပြီး ဖြေကြားခဲ့ခြင်း မရှိပါ။
“ဖြေဖို့မရှိဘူးနော်၊ အဲ့ဒါနဲ့ပတ်သက်ပြီးမမေးပါနဲ့၊ ဖြေလို့လည်းမရပါဘူး” ဟု သာပြောဆိုခဲ့သည်။
တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းအပါ် လက်မခံသည့် ပြည်သူလူထုများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို မတရားဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်း မပြုလုပ်ရန် ပစ်စာတွင် သတိပေးထားသည်။
ထို့အပြင်ပြည်သူလူထု တစ်ဦးတစ်ယောက် အသက်ဆုံးရှုံး ထိခိုက်ခဲ့လျှင် ပြင်းထန်စွာ အရေးယူခြင်း ခံရမည်ဟုလည်း သတိပေး ဖော်ပြထားသည်။
အဆိုပါပစ်စာကို ဝိုင်းမော်မြို့နယ်နှင့်ဆက်စပ်သည့် ကေအိုင်အေတပ်ရင်းက ပေးပို့ခဲ့ခြင်းရှိမရှိကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိပါ။

စစ်အာဏာသိမ်းသည့်နောက်ပိုင်း ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းကို အာဏာသိမ်းအုပ်စုနှင့် ပူးပေါင်းသည်ဟုဆိုကာ ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပြင်းထန်စွာဝေဖန်ခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ