ဖားကန့်မြို့၊ အေးမြသာယာအုပ်စုရှိ ကျေးရွာချင်းဆက်လမ်းအောက်ခြေတွင် ကျောက်စိမ်းတူးဖော်ထားသောကြောင့် လမ်းပျက်စီးကာ ဒေသခံပြည်သူများသွာလာရခက်ခဲနေကြောင်း သိရသည်။ဆိုင်းဂျာဘွမ်ကျေးရွာနှင့် စပျစ်ကူးကျေးရွာကြားရှိ ဒေသခံပြည်သူများ အသုံးပြုနေသောလမ်းမှာ မိုးရွာသွန်းချိန် ဆိုင်ကယ်နှင့် ကားများဖြတ်သန်းသွားလာမရအောင် ပျက်စီးနေခြင်းဖြစ်သည်ဟု အသက် ၂၅ နှစ်အရွယ် မနကျေးရွာနေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဖားကန့်က လူနည်းစုကောင်းစားရေးအတွက်ကို ရှေးရှုခဲ့တာကြာပါပြီ။ အခုလည်း ရွာရဲ့လမ်းတွေက တစ်နေရာမှမကောင်းတော့ဘူး။ ကလေးတွေ ကျောင်းဆင်းချိန်ဆို သနားဖို့ကောင်းတယ်။ ဆိုင်ကယ်လည်း ဖြတ်မရ၊ ကားလည်းဖြတ်မရဖြစ်နေတာပါ။ လမ်းရဲ့အောက်ခြေက ကျောက်ကြောကိုအရမ်းနိုက်စားထားခဲ့တာ” ဟုပြောသည်။

ရွာလမ်းဘေးတွင် လက်ကျင်းများဖြင့်တူးဖော်နေသဖြင့် မြေစာများပြိုကျလေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း လက်ကျင်းများဆက်လက်တူးဖော်နေကြပြီး ရွာလမ်းမှာ နဂိုရှိရင်းလမ်းထက် တစ်ဝက်ခန့်သာကျန်ရှိကြောင်း ဆွတ်နန်ကောင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ဒေသခံတစ်ဦးကပြောသည်။

“အခုသူတို့လုပ်နေကြတဲ့ပုံစံက လမ်းကိုခေါင်း (တူး) နေသလိုဖြစ်နေတယ်။ မျောကြောင်းပေါက်ကျရင်တောင် လမ်းကမြေစာတွေ တော်တော်လေး ကျင်းထဲကျသွားတယ်” ဟုသူကပြောသည်။

မိုးရွာချိန်တွင် ရေများကအဆိုပါလမ်းအတိုင်းကျေးရွာအတွင်းသို့ စီးဆင်းလာလေ့ရှိပြီး ကျေးရွာချင်းဆက်လမ်းဖြစ်သောကြောင့် တာဝန်ရှိသူများကို အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဆိုင်းဂျာဘွမ်ကျေးရွာနေ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောသည်။

“မိုးရွာတာနဲ့ ရေစီးကြောင်းက ရွာရဲ့လမ်းကိုတန်းစီးတာ။ ရေလမ်းကြောင်းလည်း လွှဲဖို့မရှိဘူးလေ။ အခုကုမ္ပဏီတွေနားတော့ လက်ကျင်းတူးတဲ့သူတွေပြန်တူးနေပါတယ်။ တစ်ရွာနဲ့တစ်ရွာသွားဖို့ဆို အဲ့လမ်းကနေပဲ ကူးနေရတယ်။ အုပ်ချုပ်ရေးကသူတွေ လမ်းထပ်ပြီးမပျက်စီးအောင် လုပ်ပေးသင့်နေပြီ” ဟုပြောသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဥရုချောင်းရေကြီးခဲ့သောကြောင့် ဒေသခံပြည်သူများအသုံးပြုနေကြသည့် တံတားနှင့် လမ်းများပျက်စီးခဲ့သည်။

ဥရုချောင်းတွင် မြေစာသွန်ခြင်း၊ မျောတိုက်ခြင်းများပြုလုပ်လေ့ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ချောင်သန့်ရှင်းရေး ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် နှစ်စဉ်မိုးရာသီရောက်ရှိပါက ကျေးရွာအတွင်း ရေကြီးရေလျှံမှုနှင့် ကြုံနေရပြီး ဒေသခံပြည်သူ ၂၀၀၀ ခန့်က ဘေးလွတ်ရာသို့ တိမ်းရှောင်ရလေ့ရှိသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ