ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KPDF တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ဖားကန့်မှ ရဲနှစ်ဦးသေဆုံးပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိပ်မူအုပ်စု၊ ရှမ်းကုန်းဈေးကြီးတွင် ယမန်နေ့ နံနက် ၈ နာရီခန့်က ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲခုနှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း ဆိပ်မူဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲစခန်းကထွက်လာပြီးဈေးလာဝယ်တာ ဒီဘက်ကလည်းဈေးလာဝယ်အဲ့လိုနဲ့တွေ့သွားကြတာ။ ကျန်တဲ့လေးယောက်ကလွှတ်သွားတယ်။ ဒီဘက်ကလည်းလူအင်အားမလောက်တော့ ဈေးကြီးမှာလည်း ဟုတ်နေတယ်ဆိုတော့။ သေသွားတဲ့ထဲမှာ ခေါင်းဆောင်တစ်ယောက်လည်းပါတယ်လို့ ပြောတယ်” ဟုပြောသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းကို ၎င်းတို့၏တပ်ဖွဲ့ဝင်များက ပြန်လာသယ်ယူသွားကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဈေးဝယ်နေသည့် အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဒေါ်အေးမွေးဆိုသူလည်း ညာဘက်ခြေဖမိုးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဟိုဘက်ကသူတွေနဲ့တွေ့ပြီးပစ်ခတ်ကြတာ။ အမျိုးသမီးတစ်ဦး ညာဘက်ခြေထောက် ခြေဖမိုးမှာ ထိသွားတာ” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းလှုပ်ရှားမှုနှင့် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်နှင့်လည်း စစ်ရေးတင်းမာလျက်ရှိသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ စည်ပင်ဈေးမြင်ရပုံ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ