မိုးညှင်းတွင် အကဆရာတစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် သပိတ်ဦးဆောင်သူဟုစွပ်စွဲပြီး တစ်လကျော်ကြာ ဖမ်းဆီးခံထားရသည့် အကဆရာတစ်ဦးကို စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့တွင် ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ပြီကြောင်း သိရသည်။

အကဆရာ ကိုဝေယံထွန်း(ခ)မျိုးမျိုးကို လာမည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မိုးညှင်းအကျဉ်းထောင်သို့ပို့ဆောင်သွားမည်ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မိသားစုနဲ့ အဆက်အသွယ်ကတော့ ထမင်းနေ့တိုင်းပို့တာတော့ရှိတယ်။ စကားလည်းပြောလို့မရ လူလည်းတွေ့လို့ တော့မရဘူး။ ဖမ်းခံရတဲ့အချိန်ကစပြီး အခုအချိန်ထိ အဲ့မိုးညှင်းရဲစခန်းမှာပဲ ထားထားတာ။ ၇ လပိုင်း ၃၁ ရက်နေ့မှာ အမှုဖွင့်တာ။ ပုဒ်မကတော့ ၅၀၅-က နဲ့ဟုတ်တယ်။ ရုံးချိန်းရုံးထုတ်တာတွေမရှိဘဲ လာမယ့် ၁၃ ရက်နေ့ကို တစ်ခါတည်း ထောင်ဘက်ပို့မယ်လို့တော့ ကြားထားတယ်”ဟုပြောသည်။
ဖမ်းဆီးခံရပြီးနောက် အိမ်သို့ဆေးဝါးတောင်းခံမှုများရှိခဲ့သည့်အတွက် ရိုက်နှက်ခံထားရသည်ဟု ယူဆရသည့်အပြင် အနံ့နှင့်အရသာပျောက်ခဲ့သော်လည်း လက်ရှိအချိန်တွင် ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
အသက် ၂၉ နှစ်အရွယ် ကိုဝေယံထွန်း(ခ)မျိုးမျိုးသည် အကဆရာတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက သပိတ်ဦးဆောင်သူဟု စွပ်စွဲခံရကာ ဖမ်းဆီးခံခဲ့ရပြီးနောက် တစ်လကျော်အကြာတွင် စစ်ကောင်စီက ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့သည်။

ကချင်ပြည်နယ်နေရာအနှံ့အပြားတွင် ဆန္ဒပြသူများတွင် ပါဝင်သူ သို့မဟုတ် ဦးဆောင်သူဟုစွပ်စွဲကာ စစ်ကောင်စီက ဥပဒေမဲ့ဖမ်းဆီးအမှုဖွင့်မှုများ အများအပြားရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်တွင် ပညာရေးဝန်ထမ်းအချို့ကို ပြန်လွတ်ပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ