မိုးမောက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယမန်နေ့ညက သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ကြေးနန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ကြေးနန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခါးလာသည် ရင်ဘတ်တွင် ကျည်သုံးချက်ထိမှန်ခဲ့သဖြင့် အသက်အန္တရာယ်စိုးရိမ်ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူထံတစ်ဦးက The 74 Media ကိုပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးထိတာက နည်းတယ်။ သေနိုင်တဲ့နေရာတွေမဟုတ်ဘူးပေါ့။ ခန္ဓာကိုယ် ရှပ်ထိတာလို့တော့ ပြောတယ်။ ကြေးနန်းအုပ်ချုပ်ရေးမှူးကြတော့ ရင်ဘတ်မှာ ၃ ချက်ထိတယ်။ သူကြတော့ စိုးရိမ်ရတယ်” ဟုသူကပြောသည်။
လက်ရှိချိန်တွင် မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကြေးနန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့သည် ၄ မိုင်ရှိ ဗန်းမော် တပ်မတော်စစ်ဆေးရုံ မစရ(၁၁) တွင် ဆေးကုသမှုခံယူနေကြောင်း သူကဆက်ပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြေးနန်ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ည ၉ နာရီခွဲခန့်က အုပ်ချုပ်ရေးမှူးများတွေ့ဆုံပြီး အပြန် လမ်းတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ကြေးနန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခါးလာသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးဖြစ်သည်။

မိုးမောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး အပြောင်းအလဲကာလဖြစ်သည့် မေလ၌လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ