ကေအိုင်အေ

ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ စီးဒီယံရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၄ နာရီခန့်တွင် ကေအိုင်အေက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စီဒီယံရွာရှိ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေရပြီး ယခု နံနက် ၈ နာရီခွဲခန့်အချိန်ထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက The 74 Mediaကိုပြောသည်။
“ခုရွာထဲကိုဝင်လာနေကြတယ်၊တစ်အိမ်တက်ဆင်းဝင်နေတာ၊ခုတော့
စကစတပ်တွေပဲ ပစ်နေကြတာ၊
လက်နက်ကြီးတွေဆက်တိုက်ပစ်နေတုန်းပဲ တင့်ကားရော ဖြတ်သွားတယ် ၊ ရွာထဲက လူတွေလည်း ပြေးပြီ၊ ခုက အကုန်လုံး ကြောက်ပြီး ပြေးနေရတယ်” ဟု သူကပြောသည်။
အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စီးဒီယံရွာကို လက်နက်ကြီးများ ပစ်ကူနေကြောင်း သိရသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦး သေဆုံးကြောင်း သူက ဆက်ပြောသည်။
“ရွာထဲတွေမှာ လက်နက်ကြီးကျတယ်၊ ကားလမ်းဘက် မှာလည်း အရမ်းပစ်နေကြတာ၊ ရွာသားတွေက ဝင်ပုန်းကြရရတယ်၊ မိုးကျော်ဆိုတဲ့သူက လက်နက်ကြီးထိပြီးဆုံးပြီတဲ့ သူ့အိမ်က ဘုန်းကြီးကျောင်း နားမှာ” ဟု သူကပြောသည်။

ကချင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၉ ရက် မှ စတင်ကာ နေရာအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးရှိနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ