စစ်ကောင်စီတပ်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားကျေးရွာတွင် ယနေ့မွန်းလွှဲ ၁ နာရီ မိနစ် ၄၀ ခန့်က စစ်ကောင်စီတပ်များ စစ်ကူထပ်ရောက်ပြီး ရွာဘုန်းကြီးကျောင်းတွင် တပ်စခန်းချထားသည်ဟု ဒေသခံများထံမှ သိရသည်။

မိုးတားကျေးရွာတွင် ဇူလိုင် ၂၂ ရက်နေ့၌ စစ်ကောင်စီတပ်မှ တပ်စု ၂ စုတပ်စွဲထားပြီး ယနေ့တပ်စု တစ်စု အင်အားဖြည့်ရောက်ရှိခြင်း ဖြစ်ကာ ရွာဘုန်းကြီးကျောင်း၊ သင်္ဘောဆိပ်နှင့် ရွာထဲရှိနေရာ အများအပြားတွင် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဆိပ််သာမှာ ကမ်းစိုက်ပြီး သင်္ဘောက ပြန်သွားပြီ။ အခုဆိုက်တဲ့ သင်္ဘောကနောက်ထပ်တက်လာတဲ့ သင်္ဘောတစ်စီး ဟုတ်တယ်။ ဘုန်းကြီးကျောင်း သုံးကျောင်းရဲ့အလယ်ကျောင်းဖြစ်တဲ့ မန်ကျည်းပင်ကျောင်းမှာနေကြတာ။ အခုတက်လာတဲ့ တပ်စုမှာ လက်နက်ကြီးတွေလည်း ပါတယ်။ လက်နက်တော်တော်များများလည်း ပါတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်များသည် လူအင်အား ၈၀ ကျော်ခန့်ရှိပြီး ရွာထဲရှိ ဈေးဆိုင်များမှ ရိက္ခာများဝယ်ယူသွားကြောင်း သိရသည်။
ယခုချိန်၌ မိုးတားကျေးရွာတွင် ဒေသခံပြည်သူအချို့ ကြောက်လန့်၍ မိမိနေအိမ်များ သော့ခတ်ကာ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း သိရသည်။

Photo Credit – AFP

သင့်ထင်မြင်ချက်ရေးပေးပါ