မိုးကောင်းမြို့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်က ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲသဖြင့် ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

အာဇာနည်နေ့အား အလေးပြုနေချိန်တွင် တစ်ပြိုင်တည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ဆိုင်များပိတ်ကာ ပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီမနက် အာဇာနည်ကို အလေးပြုတဲ့ အချိန်လေ သတိဆွဲတဲ့အချိန် အဲ့အချိန်ကွက်တိမှာ ကွဲသွားတာ။ ရဲစခန်းထောင့်နားလေးမှာပါ။ ဗုံးကွဲသံက တစ်လုံးပဲကြားလိုက်ပါတယ်။ အဲ့နားတစ်ဝိုက်တော့ ရဲတွေက ဒီမနက်ကတည်းက အခုချိန်ထိ စခန်းအရှေ့မှာ ပိတ်ထားတုန်း ဖြတ်သန်းသွားလာခွင့်တွေ မပေးထားဘူး။ အဲ့နားကလူတွေပြေးကုန်ကြပြီ။ ဆိုင်တွေလည်း ပိတ်လိုက်ကြပြီ” ဟုသူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နီးစပ်ရာရပ်ကွက်ထဲတွင် ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောတယ်။
မိုးကောင်းမြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ၌ ပါဝင်သည်ဟု သံသယရှိသူများနှင့် PDF များအား စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေနေပြီး ဖမ်းဆီးအရေးယူခြင်းများလည်း ရှိနေသည်ဟုသိရသည်။

မိုးကောင်းမြို့သည် လူဦးရေ စုစုပေါင်း ၁၄၈၃၇၁ ဦးနေထိုင်ပြီး စစ်ကောင်စီတပ်က ညအချိန် ပတ်ကင်ပတ်ချိန်တွင် မကြာခန သေနတ်ပစ်ဖောက်မှုများ ပြုလုပ်လျက်ရှိသော ဒေသတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ