ဖားကန့်မြို့နယ်တွင် ယနေ့နံနက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ ဆေးဝါးနှင့် အစားအသောက် အခက်အခဲဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွမ်ဆိုင်ဇွပ် (Kum Tsai Zup) ကျေးရွာ နှင့် တံတားညီနောင် အနီးတွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူများ ဆေးကုသမှုနှင့် အစားသောက်များ အခက်အခဲကြုံနေရကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် ယနေ့နံနက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများ ဆေးဝါးနှင့် အစားအသောက် အခက်အခဲဖြစ်နေ

 

လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိထားသည့် ပြည်သူများသည် ဆိုင်းဖရာဘုရားကျောင်းတွင် ဆေးကုသမှုခံယူနေပြီး လူနာနှင့် ဆရာဝန်၊ ဆရာမ လောက်ငှမှုမရှိသောကြောင့် အခက်အခဲ ကြုံနေရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ထွက်ပြေးတိမ်းရှောင်လာသူ တစ်ဦးက The 74 Media ကိုပြောသည်။
“လောလောဆယ် ခက်ခဲနေတာက ဆေးဝါးနဲ့ အစားအသောက်ပေါ့ ဒဏ်ရာရတဲ့သူတွေက တော်တော်လေးကို ခက်ခဲနေတယ်၊ အခုက စာသင်ကျောင်းမှာ ဆေးဆရာမတွေတော့ ရှိတယ် သိပ်တော့ အဆင်မပြေဘူးပေါ့ လူနာနဲ့ ဆရာမ မလောက်ဘူး ဆရာဝန်တွေ မရှိဘူး၊ အဘွားတစ်ယောက်က ခြေကျိုးသွားတာ ခြေသလုံးကနေ ကျိုးတာ” ဟုသူကပြောသည်။
နန့်ယားကျေးရွာ (Nam Ya Mare) အခြေအစိုက် တပ်မ ၃၃ လက်အောက်၊ ခ.လ.ရ ၁၂ စစ်တပ်စခန်းမှ ပစ်သော လက်နက်ကြီးစထိမှန် ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးရှိပြီး အသက် ၅၀ အရွယ်အမျိုးသမီး တစ်ဦးနှင့် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးပါဝင်ကြောင်း သူကဆက်ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ခိုင်ရွန် (Hkairun) ကျေးရွာ၊ ဂေါ်လုယန် (Gawlu yang) ကျေးရွာ နှင့် ခွမ်ဆိုင် (Kumtsai ) ကျေးရွာ များမှ ပြည်သူ ၁၉၅ ဦးသည် နေအိမ်သို့ မပြန်ရသေးပဲ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
“ထွက်ပြေးလာတဲ့အချိန်လိုအပ်တဲ့ အရေးကြီး ပစ္စည်းနည်းနည်းပဲရလိုက်တယ်၊ တချို့က အမျိုးအိမ်တွေမှာ နေနေတယ် မူကြိုကျောင်းတွေမှာက စစ်ရှောင်တွေနေတာ လူကြီးတစ်ယောက်ရဲ့ အိမ်ရှေ့လက်နက်ကြီး တစ်ခုကျတာ၊ ရွာဘက်ဘယ်သူမှ မပြန်ရဲသေးဘူး ဘုရားကျောင်းမှာတောင် ဘယ်သူမှ မနေရဲတော့ဘူး” ဟုသူကပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွမ်ဆိုင် (HKum tsai) ကျေးရွာ နှင့် တံတားညီနောင် အနီးတွင် ဇူလိုင် ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်မှ ယနေ့ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၅ ရက်နေ့ ၁၀ နာရီအချိန်ထိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၉ တပ်ရင်း ၄၄ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ