မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ စည်ပင်သာယာဈေးဖွင့်ချိန်များကို ပြောင်းလဲသတ်မှတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့ရှိ စည်ပင်သာယာဈေးများ၏ ဈေးဖွင့်ချိန်ကို ကိုဗစ်၁၉ ကူးစက်ပြန့်ပွားလာသည့် အခြေအနေကြောင့် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ စည်ပင်သာယာဈေးဖွင့်ချိန်များကို ပြောင်းလဲသတ်မှတ်

 

ကချင်ပြည်နယ်တွင် ကိုဗစ်၁၉ ပိုးကူစက်မှုနှုန်း မြှင့်တက်လာမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး (၁) နှင့် (၂) ကို နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပြောင်းလဲဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု အမှတ် (၁) ဈေးကော်မတီ ဥက္ကဌ ဦးကျော်ကျော်မြင့် က The 74 Media ကိုပြောသည်။
“ဈေးက မနက် (၆) နာရီကနေ နေ့လယ် (၁၂) အထိဖွင့်မယ်၊ (၁၀) ရက်နေ့ကနေ စမယ်၊ သတ်မှတ်စည်းကမ်းနဲ့ ခင်းမယ် mask တပ်ရမယ် ဈေးကနေလည်း ပြင်ဆင်မှုတွေ ရှိတယ်၊ ကိုဗစ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ရမယ့် အချက်တွေရော အမြဲကြေငြာနေတယ်ပေါ့။ ဈေးဖွင့်ချိန်ကတော့ သုံးဈေးလုံးအတူတူပါပဲ” ဟု သူကပြောသည်။
မြစ်ကြီးနားမြို့ရှိ နံနက်ဈေးကို နံနက် ၅ နာရီမှ ၇ နာရီအထိ ရောင်းချနိုင်ပြီး ညဈေးအား ညနေ ၄ နာရီမှ ၆ နာရီအထိ ဖွင့်မည်ဖြစ်သည်။
အလားတူ ဝိုင်းမော်မြို့ ဈေးဖွင့်ချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ပြီး လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်ရောင်းချရန် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိပေးကြော်ငြာချက် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဈေးက မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီထိပဲဖွင့်ရတော့တာ။ လက်ဖက်ရည်ဆိုင်တွေလည်း လိုက်ပိတ်ခိုင်းနေတယ်။ ပါဆယ်ပဲရောင်းရမယ်တဲ့။ အပြင်ဘက်က တချို့ဆိုင်တွေလည်းပိတ်တယ်။ တချို့က ပါဆယ်ရောင်းကြတာပေါ့” ဟုသူကပြောသည်။
ထို့အပြင် အများပြည်သူအပန်းဖြေလေ့ရှိသည့် ဝိုင်းမော် Riverview ပန်းခြံကို ယာယီပိတ်ထားကြောင်းသိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၇၁ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ