စစ်ကောင်စီမှ ချေးငွေထုတ်မပေးသည့်အတွက် မိုးညှင်းဒေသက တောင်သူများခက်ခဲနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စစ်ကောင်စီ၏ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေမထုတ်ပေးတော့သည့်အတွက် တောင်သူများ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

စစ်ကောင်စီမှ ချေးငွေထုတ်မပေးသည့်အတွက် မိုးညှင်းဒေသက တောင်သူများခက်ခဲနေ

 

ချေးငွေရရှိခြင်းမရှိသည့်အတွက် ယခုနှစ်တွင် စပါးစိုက်ပျိုးသူများ နည်းလာသည်ဟု အမည်မဖော်လိုသူ တောင်သူတစ်ဦးက The 74 Media ကိုပြောသည်။
“နှစ်တိုင်းဆိုရင် ကျွန်တော်တို့တောင်သူတွေအတွက် နိုင်ငံတော်အစိုးရဘဏ်ကနေပြီးမှ စိုက်ချေးဘဏ်က ထုတ်ချေးပေးတယ်။ အဲ့ငွေတွေနဲ့ ဓာတ်မြေဩဇာ အကြွေးသွားဆပ်လေ့ရှိတာပေါ့။ အခုက စိုက်ချေးဘဏ်က ထုတ်မချေးပေးတော့ ဓာတ်မြေဩဇာဆိုင်တွေကလည်း မချေးပေးရဲတော့တာပေါ့။ မြေဩဇာတွေလည်း ဈေးအရမ်းတက်တယ်။ အစက နှစ်သောင်းလောက်ပဲရှိတဲ့ ဓာတ်မြေဩဇာက အခုလေးသောင်းခွဲဖြစ်နေပြီ။ စိုက်ချေးဘဏ်က မချေးပေးလို့ စပါးစိုက်ဖို့ခက်ခဲနေတဲ့ သူတွေအများကြီးပဲ။ ဒီနှစ်ကစပါးစိုက်ပျိုးတဲ့ တောင်သူတွေ ပိုနည်းလာတယ်”ဟု ပြောသည်။
တောင်သူလယ်သမားများကို မိုးစပါးအတွက် လယ်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် နှစ်စဉ် ထုတ်ချေးပေးလေ့ရှိသော်လည်း စစ်ကောင်စီကမူ ယခင်နှစ်က ချေးထားသော အကြွေးကျေမှသာ ချေးငွေ ပြန်ထုတ်ပေးမည်ဟုဆိုသောကြောင့် တောင်သူများခက်ခဲနေခြင်းဖြစ်ကြောင်းသူကပြောသည်။
တောင်သူများသည် စစ်ကောင်စီထံမှ ချေးငွေမရရှိသည့်အတွက် လုပ်ငန်းရှင်အချို့ထံမှ အတိုးနှုန်များစွာဖြင့် ချေးဌား၍ မိုးစပါးစိုက်ပျိုးနေရကြောင်း နောက်ထပ်တောင်သူတစ်ဦးကဆိုသည်။
“ခါတိုင်းနှစ်တွေက အကြွေးဝယ်လို့ရတယ်။ ဒီနှစ်က အကြွေးလည်းဝယ်လို့မရ၊ ဈေးကလည်းတက်နေတော့ အခက်အခဲတော့ရှိနေတာပေါ့။ ဓာတ်မြေဩဇာဈေးနှုန်းကတော့ တက်လာတယ်ဗျ။ ငွေကြေးမတတ်နိုင်တဲ့ လယ်သမားတွေက လုပ်ငန်းရှင်တချို့ဆီကိုသွားချေးပေမယ့်လည်း အတိုးတွေ ပြန်ဆပ်ရတာ မတန်တာနဲ့ အများကြီးလည်းချေးလို့မရတော့ ခက်ခဲတာပေါ့”ဟုဆိုသည်။
အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဝန်ထမ်းများတွင် CDM ပြုလုပ်သူများ ရှိသောကြောင့် တောင်သူလယ်သမားများမှ ချေးငွေပြန်ဆပ်သည့်လုပ်ငန်းစဉ်နှင့် ချေးငွေထုတ်သည့် လုပ်ငန်းစဉ်တို့တွင် ကြန့်ကြာနေခြင်းကြောင့် ချေးငွေဆပ်ရန်လည်း အခက်အခဲဖြစ်နေသည်ဟု ဆက်ပြောသည်။
စစ်ကောင်စီက မိုးစပါးချေးငွေများကို မေ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်အတွင်း ထုတ်ချေးပေးမည်ဟု ကြေညာခဲ့ပြီး ချေးငွေအသစ်ထုတ်ယူလိုပါက ကြွေးဟောင်းများကို အလျင်အမြန်ပြန်ဆပ်ရမည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း NLD အစိုးရလက်ထက်က တောင်သူများကို ချေးထားသော မိုးစပါးချေးငွေများကို ၂၀၂၂ ဧပြီလ ၁၅ရက်နေ့၌ ပြန်လည်ပေးဆပ်နိုင်ကြောင်း သက်တမ်းတိုးမြှင့်ပေးထားသည်။
“စိုက်ချေးဘဏ်က ငွေမထုတ်ချေးပေးဘူး ဆိုတာကလည်း မဆပ်ကြတာလည်းပါတယ်။ မဆပ်ကြတာကလည်း CRPH က မဆပ်ဖို့ ကြေငြာထားလို့ မဆပ်တဲ့သူတွေများတယ်။ ပြန်ဆပ်ဖို့ အုပ်ချုပ်ရေးပိုင်းတွေကို စာရောက်ခဲ့သေးတယ်လို့ကြားတယ်။ နောက်ပိုင်းဟိုလိုလိုဒီလိုလိုနဲ့ ပြီးသွားတာ။ စိုက်ဘဏ်က ဝန်ထမ်းတချို့ကလည်း အာဏာရှင်ကိုဆန့်ကျင်လို့ CDM လုပ်ပြီး ဆန္ဒပြတာတွေရှိတော့ မဆပ်တဲ့သူတွေ များတာပေါ့”ဟု မိုးညှင်းမြို့မှ တောင်သူတစ်ဦးက ဆိုသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်သမားများအတွက် မိုးစပါးစိုက်ပျိုးရန် တစ်ဦးလျှင်အများဆုံး ဆယ်ဧကအထိ နှစ်စဉ် ထုတ်ချေးလေ့ရှိသည်။ ပုံမှန်အားဖြင့် ဖေဖော်ဝါရီလအတွင်း မိုးစပါးချေးငွေများ အကြွေးဆပ်ပြီးမှ မေလတွင် ချေးငွေများ စတင်ထုတ်ပေးလေ့ရှိသည်။
မိုးညှင်းမြို့တွင် စပါးစိုက်ပျိုးမှု လယ်ဧက သောင်းဂဏာန်းရှိသည်ဟု သိရပြီး ကချင်ပြည်နယ်အတွင်းရှိ ဟိုပင်နှင့်မိုးကောင်းဒေသတို့တွင်လည်း မိုးစပါးစိုက်ပျိုးရန် အလားတူခက်ခဲမှုများရှိနေသည်ဟု ဒေသခံတောင်သူများထံမှ သိရသည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ