မြန်မာ့ လေတပ်မတော်၏ YAK 130

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ယနေ့နေ့လယ် ၁ နာရီခွဲအချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကေအိုင်အေတပ်ဖွဲ့က မြစ်ကြီးနားမြို့အဝင် ၂၁ မိုင်စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“၂၁ မိုင်ဂိတ်အရေး မကျေနပ်လို့ ကေအိုင်အေတပ်ရင်း ၁၁ ရဲ့ ရှေ့တန်း post တစ်ခုကို ခြောက်လှန့်ပစ်တာ။ သူတို့ဘက်က တစ်ကောင်မြေဩဇာဖြစ်သွားလို့ တပ်ရင်း ၁၁ ကို လာမဲတာနေမှာပေါ့” ဟုသူက ပြောသည်။

ကေအိုင်အေတပ်ရင်း ၁၁ ကို ထိခိုက်ပျက်စီးခြင်း မရှိဘဲ ချောက်ကမ်းပါးဘက်သို့ ကျသွားကြောင်း သူကဆက်ပြောသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ကိုချိတ်ဆက်ထားသည့် ဗလမင်းထင်တံတားအနီးရှိ မိုင်းနားစုပေါင်းဂိတ်ကို ဇွန်လ ၂၃ ရက် ညအချိန် ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာအပါအဝင် ကေအိုင်အေနယ်မြေအချို့ကို စစ်ကောင်စီက ညတွင်းချင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။

မြန်မာ့ လေတပ်မတော်၏ YAK 130 တိုက်လေယာဉ်အမျိုးအစားကို တွေ့ရစဉ်

Photo Credit – Russian Aviation

သင့်ထင်မြင်ချက်ရေးပေးပါ