COVID-19 Update

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် အမှတ် (၁၇) မူလတန်းကျောင်းမှ Non-CDM ဆရာမတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတစ်ဦးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်သည့် ကိုဗစ်ပိုးတွေ့လူနာ စာရင်းအရ သိရသည်။

ပိုးတွေ့ လူနာဆရာမသည် အနံ့ပျောက်ရာမှ ဆေးစစ်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကချင်စုရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အဲ့ဆရာမ ဖျားတယ်ပြောတယ်။ ဖျားလိုက်ပျောက်လိုက် ဖျားလိုက်ပျောက်လိုက် ဖြစ်တယ်။ ပြီးတော့ အနံ့ပျောက်လာတယ်ပြောတယ်။ အဲ့တာနဲ့ သွားစစ်တော့ ကိုဗစ်တွေ့တာ” ဟု သူကပြောသည်။
ရောဂါပိုးတွေ့ရှိသူသည် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး သူနှင့် ထိတွေ့ခဲ့သူများကို ကိုဗစ်စစ်ဆေးနေကြောင်း သူက ဆက်လက်ပြောသည်။
ကိုဗစ်ပိုးတွေ့ရှိသူ ဆရာမနှင့် ထိတွေ့ခဲ့သူများနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက် စုံစမ်းလျှက်ရှိသည်။

ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်သည့် ကိုဗစ်လူနာ စာရင်းတွင် ဖားကန့်မြို့နယ်မှ ၂ ဦး၊ မိုးကောင်းမြို့နယ် မှ တစ်ဦးနှင့် မြစ်ကြီးနားမြို့နယ်မှ တစ်ဦး တွေ့ရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ