KNO က တပ်မဟာ ၁၀၈

ကချင်အမျိုးသားအစည်းအရုံး KNO က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးဒေသတွင် ကချင်ပြည်တပ်တော် တပ်မဟာ ၁၀၈ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည့်အပေါ် ကချင်လူငယ်များက သဘောမတူဘဲ ကန့်ကွက်ကြောင်း ပြောသည်။

ကချင်တစ်မျိုးသားလုံးကို ကိုယ်စားပြုထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အဖွဲ့အစည်းရှိပြီးဖြစ်သောကြောင့် အခြားလက်နက်ကိုင်အဖွဲ့ ထပ်ဖွဲ့ခြင်းကို လက်မခံကြောင်း ကချင်လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိပြီးသားကို ထပ်ပြီးတော့ ဖွဲ့တယ်ဆိုတာကတော့ လက်မခံဘူးကန့်ကွက်တယ်။ ဘယ်သူမဆို တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကတော့ရှိကြတယ်။ ဒါပေမယ့် KNO ကတော့ နည်းနည်း အစွန်းရောက်တယ်။ အဲ့ဒါမျိုးတွေ မကြိုက်ဘူး။ လက်နက်မကိုင်တဲ့အဖွဲ့အစည်းဆိုရင်တော့ ကိစ္စမရှိဘူး။ လက်နက်ကိုင်ဆိုရင်တော့ KIA နဲ့ယှဉ်ပြိုင်သလိုဖြစ်လာတဲ့အတွက် ကန့်ကွက်တယ်” ဟုပြောသည်။
ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) ၏ တပ်မဟာအသစ်ဖွဲ့အစည်းမှုကို KIA/KIO ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်အတိုင်ပင်ခံအဖွဲ့နှင့် ရှမ်းပြည်နယ်​မြောက်ပိုင်း ကချင်လူငယ်များအဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
KNO အဖွဲ့အစည်းနှင့်ခေါင်းဆောင်အားလုံးသည် ပြည်ပတွင်နေထိုင်ပြီး ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်သွားမည်ဆိုသော ပြောဆိုချက်သည် စိတ်ကူးယဉ်ဆန်ကြောင်း မြစ်ကြီးနားမြို့မှ ကချင်လူငယ်တစ်ဦးက ပြောသည်။
“KNO အဖွဲ့အစည်း နဲ့ ခေါင်းဆောင်တွေအားလုံးလိုလိုက ပြည်ပမှာပဲ နေကြသူတွေဆိုတော့ တပ်မဟာတစ်ခု ဖွဲ့စည်းကြောင်း ကြေညာပြီး ကချင်ပြည်နယ်နှင့် ပြည်နယ်သူပြည်နယ်သားများ လွတ်မြောက်ဖို့ တစိုက်မတ်မတ်လုပ်ဆောင်သွားမယ်ဆိုတာကလည်း ကချင်ပြည်သူတစ်ယောက်အနေနဲ့ သုံးသပ်ရရင် ချဲ့ကားထားပြီး စိတ်ကူးယဉ်ဆန်နေလားလို့လေ”ဟု သူက ပြောသည်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားအားလုံးနှင့် လက်တွဲလုပ်ဆောင်နေသော KIA/KIO ၏ ဦးဆောင်မှုအောက်တွင် လိုက်ပါသင့်ကြောင်းသူက ဆက်ပြောသည်။
နေရာဒေသအသီးသီးမှ ၁၅ ဦးထက်မနည်းသော ကချင်လူငယ်များကို KNO ၏ တပ်မဟာ ၁၀၈ ဖွဲ့စည်း လိုက်သည့်အပေါ် သဘောထားမေးမြန်းရာ အားလုံးနီးပါး ကန့်ကွက်ကြောင်း တစ်ညီတစ်ညွတ်တည်း ပြောဆိုခဲ့ကြသည်။
KNO ၏ ရှေ့လုပ်ငန်းစဉ်လုပ်ဆောင်ချက်များကို ဆက်လက်စောင့်ကြည့်ဦးမည်ဖြစ်သည့်အတွက် ကချင်လူငယ်နှစ်ဦးကမူ မှတ်ချက်ပေးခြင်းမရှိခဲ့ပါ။
တပ်မဟာ ၁၀၈ ဖွဲ့စည်းလိုက်သော KNO မှ ကချင်ပြည်ကို တည်ထောင်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အခြားညီနောင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ မိဘ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဟုဆိုသည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီအား တော်လှန်နေကြသော မြန်မာပြည်ရှိ ပြည်သူလူထု၊ CRPH၊ NUG၊ Gen-Z များကို KNO အနေဖြင့် ထောက်ခံအားပေးကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ရေးသားထားသည်။

ကချင်အမျိုးသားအစည်းအရုံး KNO ကို ၁၉၉၉ခုနစ်က စတင်တည်ထောင်ခဲ့ပြီး ဥက္ကဌဖြစ်သူမှာ ဦးဘောမ်ဝမ်လရော်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ