ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့ ညနေ ၄ နာရီအချိန် စစ်ကောင်စီတပ်မှ ဘုရားကျောင်းအတွင်း တပ်စွဲမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးယူစောင့်ကြပ်နေသော ပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
မိုးဗြဲမြို့၊ ပွဲကုန်း (၂) ရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းတွင် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု အဖမ်းခံရသူ၏ ဆွေမျိုးတစ်ဦးက The 74 Media ကိုပြောသည်။
“လူအများကြီး ဖမ်းခံထားရတယ်။ ဘုရားကျောင်းစောင့်နေတာ ဘုရားကျောင်းထိ ဝင်ဆွဲတာ။ အခုထိ မလွတ်သေးဘူး ဘယ်ကိုဖမ်းခေါ်သွားလဲမသိဘူး” ဟုသူက ပြောသည်။
သူ၏ဆွေမျိုးအား ယမန်နေ့ ညနေ ၄ နာရီနောက်ပိုင်းတွင် ဆက်သွယ်၍ မရတော့ကြောင်း သူကဆက်လက်ပြောသည်။
“သူနဲ့နောက်ဆုံးဆက်သွယ်လို့ရတာ ၄ နာရီလောက်က အဲ့နောက်ပိုင်းဆက်လို့မရတော့ဘူး။ ဖုန်းစက်ပိတ်သွားပြီ။ သူနောက်ဆုံးပြောတာက သူတို့ကို ဖမ်းခေါ်သွားပြီ မျက်နှာအုပ်ထားတယ်တဲ့ ငါ့အတွက် ဆုတောင်းကူဖို့ပြောပြီး သူတို့က ဖုန်းချခိုင်းတယ်။ ဖမ်းခံရတဲ့ သူအားလုံးစက်ပိတ်ထားတယ်” ဟု ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးသွားသော ပြည်သူ မည်မျှရှိသည်ကို သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မိုးဗြဲမြို့တွင် ယနေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီနှင့် ကယားပြည်သူ့တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ကယားပြည်သူ့တပ်ဖွဲ့မှ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ စံပြ(၆)မိုင်ကျေးရွာရှိ လုဒ်မယ်တော် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ