ကယားပြည်နယ်တွင် ပြည်သူနှစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့၌ ယနေ့ တစ်ရက်အတွင်း ပြည်သူ နှစ်ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။

ကယားပြည်နယ်တွင် ပြည်သူနှစ်ဦးကို စစ်ကောင်စီက ပစ်သတ်

 

လွိုင်ကော်မြို့၌ ပစ်သတ်ခံရသော အမျိုးသားမှာ မိုင်းလုံးရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့ မွန်းလွဲတစ်နာရီခန့်က သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသွားသူမှာ ကလေးသုံးယောက်၏ဖခင်ဖြစ်ပြီး အသက် ၃၀ နှစ်ကျော်ဝန်းကျင်ရှိကာ ကျည် ၁၄ ချက်ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့ဘာသာ ဆိုင်ကယ်နဲ့အေးဆေး လမ်းဖြတ်သွားနေတာကို ကျည် ၁၄ ချက်ပစ်ခံရပြီး ပွဲချင်းပြီးသေသွားတယ်။ ဗိုက်မှာတစ်ချက် ခေါင်းမှာလည်း ထိသွားတယ်။ လမ်းမှာတော့ သွေးတွေအများကြီးပဲ။ လွိုင်ကော်မြို့မှာ စစ်ခွေးတွေလှည့်လည်သွားလာပြီး အကြောင်းမဲ့ပစ်ခတ်တာမျိုးတွေလုပ်နေတယ်”ဟု ပြောသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူများအား အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခြင်းများနှင့် ဈေးဆိုင်များအား ရိုက်ချိုးဖျက်ဆီးခြင်းများလည်း ပြုလုပ်နေကြောင်း သူကဆက်ပြောသည်။
သေဆုံးသွားသော အမျိုးသားသည် ဝါးလထွားရွာမှ စစ်ရှောင်ပြည်သူတစ်ဦးဖြစ်ပြီး ရိက္ခာပြတ်သဖြင့် ဆွေမျိုးအိမ်ထံမှ ရိက္ခာလာယူရင်း လမ်းတွင်အပစ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီမှ ပစ်သတ်ခဲ့သူ အခြားတစ်ဦးမှာ ဒီးမော့ဆိုမြို့ရှိ စံပြ ၆ မိုင်ကျေးရွာတွင် ယနေ့ နံနက် ရှစ်နာရီခန့်က စစ်ကောင်စီလက်ဖြောင့်တပ်သားပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်။
သေဆုံးသွားသော အဆိုပါ အမျိုးသားမှာ အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး မေလ ၃ ရက်နေ့ ညပိုင်းက နေအိမ်ရှိရာ စံပြ ၆ မိုင်ကျေးရွာအတွင် အခြေအနေ သွားကြည့်ရာမှ ကျည်ဆန်ထိမှန်သေဆုံးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဒီမနက်ကရော တစ်ယာက် စနိုက်ဘာနဲ့ထိပြီးကျသွားတယ်။ အသက်၄၆ ဝန်းကျင်လောက်ပါ။ သူက ဒီမနက် ရွာအခြေအနေ သွားကြည့်ရင်းပစ်ခံရတယ်” ဟု သူကပြောသည်။
အဆိုပါ အမျိုးသား၏ ရုပ်အလောင်းအား သွားယူရန် အဆင်မပြေသေးသောကြောင့် လက်ရှိအချိန်အထိ သွားယူနိုင်ခြင်းမရှိသးကြောင်း သူက ဆက်လက်ပြောသည်။
“ သူ့အလောင်းကို ပြန်သွားယူလို့မရဘူး။ စနိုက်ဘာနဲ့ပစ်နေတာ အခုထိ အလောင်းမရသေးဘူး” ဟုပြောသည်။
ဒီးမော့ဆို မြို့နယ်ရှိ ၆မိုင်ကျေးရွာတွင် ယနေ့ မွန်းလွဲအချိန်ကလည်း စစ်ကောင်စီမှ လက်နက်ကြီး နှင့် တိုက်လေယာဉ်ဖြင့် ပစ်ခတ်နေသည်။
ဒီးမော့ဆိုမြို့ စံပြ (၆)မိုင်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်ဖြောင့်တပ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ယမန်နေ့ကလည်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခဲ့သည်။
ကယားပြည်နယ်တွင် အာဏာရှင်ကိုဆန့်ကျင်သည့် သပိတ်များနှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်၍ သေဆုံးသော ပြည်သူ စုစုပေါင်း ၄၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်းသိရသည်။

ပုံ / လွိုင်​ကော်မြို့တွင် ယ​နေ့ စစ်​ကောင်စီက ပစ်သတ်ခဲ့​သော ပြည်သူတစ်ဦး။

သင့်ထင်မြင်ချက်ရေးပေးပါ