လောပီတကျေးရွာတွင် စစ်ကောင်စီက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

ကယားပြည်နယ် လောပီတကျေးရွာတွင် ယမန်နေ့ မေလ ၃၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်တောင်ရပ်ကွက်မှ ရှမ်းရွာရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသော အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

လောပီတကျေးရွာ ကျောက်တောင်ရပ်ကွက်မှ ရှမ်းရွာရပ်ကွက်ရှိ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသူ ကိုဝေလင်းအောင် အသက် ၂၉ နှစ်ကို လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ည သူပြန်လာတဲ့ လမ်းမှာ ပစ်သတ်ခံရတာ သူပြန်လာတဲ့ နေရာနဲ့ အိမ်နဲ့က နီးနီးလေးဘဲ အရင်ကလည်း သွားလာနေကြပဲ အရမ်းမဝေးဘူး။ ညက ပစ်ခံရတဲ့နေရာကို အိမ်ကသူတွေလိုက်သွားတော့ ရဲနဲ့ စစ်သားတွေက မလာနဲ့ လာရင်ပစ်မယ်လို့အော်တယ်။ အလောင်းကိုတော့ လမ်းဘေးမှာ သစ်ကိုင်းတွေနဲ့ အုပ်ထားပြီးတော့ မနက် ၅ နာရီခွဲတော့ စစ်ကားနဲ့ စစ်ဆေးရုံကို သယ်သွားတယ်။” ဟုသူကပြောသည်။
သေဆုံးသူကို ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၃ နာရီခန့်က မိသားစုဝင်များမှ ပြန်လည်ရရှိပြီဖြစ်သည်။
ကိုဝေလင်းအောင်သည် ကားဆရာတစ်ဦးဖြစ်ပြီး လသားအရွယ်ကလေးတစ်ဦး၏ ဖခင် ဖြစ်ပြီး သူ၏ နာရေးအား ဇွန်လ၁ ရက်နေ့တွင် သင်္ဂြိုလ်မည် ဖြစ်ကြောင်းယင်းကပြောသည်။

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ