စစ်ကောင်စီထုတ်ဝေသည့်သတင်းစာများကို အီလက်ထရောနစ်ပုံနှိပ်ထုတ်ဝေသည့် ISSUU ကုမ္ပဏီဝက်ပ်ဆိုက်မှ ဖယ်ရှား

စစ်ကောင်စီထုတ်ဝေသည့်သတင်းစာများကို အမေရိကန်အခြေစိုက် ISSUU ကုမ္ပဏီက ၎င်းတို့၏ဝက်ပ်ဆိုက် (https://issuu.com/) မှ မေလ ၁၈ ရက်နေ့တွင် ဖယ်ရှားလိုက်သည်။

စစ်ကောင်စီထုတ်ဝေသည့်သတင်းစာများကို အီလက်ထရောနစ်ပုံနှိပ်ထုတ်ဝေသည့် ISSUU ကုမ္ပဏီဝက်ပ်ဆိုက်မှ ဖယ်ရှား

 

အီလက်ထရောနစ်ပုံနှိပ်ထုတ်ဝေသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် ISSUU က ၎င်းတို့၏ ဝန်ဆောင်မှုဆိုင်ရာစည်းကမ်းချက်များကို ချိုးဖောက်သဖြင့် စစ်ကောင်စီထုတ်သည့်သတင်းစာအားလုံးကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို အီးမေးလ်မှတဆင့်ဖြေကြားခဲ့သည်။
“မြန်မာသတင်းစာတွေတင်တဲ့ https://issuu.com/myanmarnewspaper အကောင့်ကို သူတို့တင်တဲ့သတင်းစာတွေဟာ စည်းကမ်းချိုးဖောက်နေတယ်လို့ ကျွန်မတို့ကုမ္ပဏီက အကြောင်းကြားပါတယ်။ သူတို့ဘာမှ တုံ့ပြန်မှုမရှိခဲ့ပါဘူး၊ ဒါကြောင့် သူ့အကောင့်ကို ဖယ်ရှားလိုက်တာပါ” ဟု ပြောသည်။
မြန်မာ့အလင်းသတင်းစာများတင်လေ့ရှိသည့် အဆိုပါအကောင့် မည်သည့်စည်းကမ်းချက်များချိုးဖောက်သည်ကို အသေးစိတ်ဖြေကြားခဲ့ခြင်းမရှိပါ။
မြန်မာနိုင်ငံတွင် သတင်းဌာနများကို လိုင်စင်ပိတ်သိမ်းခြင်း၊ သတင်းထောက်များကို ရိုက်နှက်ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကိုပြုလုပ်နေသည့် စစ်ကောင်စီထုတ်ဝေသည့် သတင်းစာများကို နိုင်ငံတကာကုမ္ပဏီဖြစ်သည့် ISSUU ကုမ္ပဏီက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
ISSUU ၏ ဝက်ပ်ဆိုက်ပေါ်တွင် မြန်မာ့အလင်း၊ ကြေးမုံ နှင့် The Global New Light of Myanmar သတင်းစာများကို နေ့စဉ်လွှင့်တင်ထားလေ့ရှိပြီး အဆိုပါ ဝက်ပ်ဆိုက်မှတဆင့် ဖတ်ရှုနိုင်ကြောင်း အဆိုပါသတင်းစာတွင် ကြော်ငြာများထည့်သွင်းလေ့ရှိသည်။

ISSUU ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံတွင်စတင်ခဲ့သည့် အီလက်ထရောနစ်ပုံနှိပ်ထုတ်ဝေသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်အခြေစိုက်သည့် ကုမ္ပဏီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ