မြေမြင့်အုပ်ချုပ်ရေးမှူးရုံးမီးလောင်

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မေလ ၂၄ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် ရုံးစောင့်ဖြစ်သူ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၃၇ ဝန်းကျင်အရွယ် မောင်မိုးသူ ဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း မြေမြင့်ရပ်ကွက်နေ ပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။
“အခု စစ်ဆေးရုံမှာတင်ထားတယ်၊ ခြေထောက်အောက်ပိုင်းနဲ့ ကျောမှာတော့ မီးလောင်ဒဏ်ရာတွေတော့ များတယ်၊ မနက်က ရပ်ကွက်ထဲက အမဆေးရုံသွားကြည့်လို့ ပြောခဲ့တာ” ဟုပြောသည်။
မီးလောင်ဒဏ်ရာများသောကြောင့် စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် မေလ ၂၄ ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်အပြင် မြေမြင့်အုပ်ချုပ်ရေးမှူး ဦးမောင်ကြည်အိမ်တွင်လည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ