စစ်ကောင်စီတပ်နှင့် KPDF တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့ရှိ ရပ်ကွက်တချို့တွင် စစ်ကောင်စီတပ်နှင့် KPDF တို့အကြား ယနေ့နံနက် ငါးနာရီခွဲခန့်မှ စတင်ကာ သတင်းရေးသားနေသည့် ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် KPDF တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်

 

ဒီးမော့ဆို၊ ငွေတောင်၊ ပန်ကန်းနှင့် ဒေါငံခါး စသည့်လေးနေရာတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး ရဟတ်ယာဉ်တစ်စီး ဝေဟင်တွင်ပျံသန်းနေကြောင်း ဒီမော့ဆိုမြို့ခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီးမော့ဆိုမှာ အာရုံဦးတိုက်ပွဲစနေတာ ငါးခွဲဝန်းကျင်ကတည်းကပဲ။ စစ်ကောင်စီက တင့်ကားနဲ့လက်နက်ကြီးတွေပစ်တယ်။ အခုအချိန်ထိပစ်ခတ်နေတုန်းပဲ။ စစ်ကောင်စီဘက်က ပြည်သူတွေကို အိမ်အပြင်မထွက်ဖို့၊ ထွက်တာနဲ့ပစ်မယ်ဆိုပြီး အော်ပြောနေတယ် အလောင်းတောင်ကောက်ခွင့်မပေးဘူး” ဟုသူကပြောသည်။
နှစ်ဖက်အကျအရှုံးများပြီး ထိခိုက်မှုမည်မျှရှိသည်ကို အတိအကျမသိရသေးကြောင်း သူက ဆက်ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် တင့်ကားနှစ်စီးထိခိုက်ပျက်စီးသည်ဟု မေလ ၂၄ ရက်နေ့ညပိုင်းက KPDF လူမှုကွန်ယက်စာမျက်နှာတွင်‌ဖော်ပြထားသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တိုက်ပွဲကြောင့် ကယားပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသူ ငါးသောင်းကျော်ရှိလာပြီး စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါး၊ မိုးကာနှင့် ခြင်ထောင်များလိုအပ်နေကြောင်းသိရသည်။

Photo Crd

သင့်ထင်မြင်ချက်ရေးပေးပါ