မိုးမောက်မြို့မှ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဧပြီလအတွင်းဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကူအညီလိုအပ်နေသည်ဟု သိရသည်။

မိုးမောက်မြို့မှ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ

 

စစ်ရှောင်ပြည်သူများသည် မန်နောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးခိုလှုံနေကြပြီး ယာယီနေထိုင်ရန် နေရာထိုင်ခင်း၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေ‌ကြောင်း နမ့်တာပိန် ရှမ်းသာရေးနာရေး ပရဟိတအဖွဲ့ စည်းရုံးရေးမှူး စိုင်းဝဏ္ဏာအောင်က The 74 Media ကို ပြောသည်။
” လောလောဆယ် စားရေးသောက်ရေး ကျန်းမာရေး စောင့်ရှောက်မူတွေလိုနေတယ်။ သက်ကြီးရွယ်အိုတွေ မကျန်းမာတာမျိုးလည်းရှိတယ်။ မိုးဝင်ပြီဆို နေတဲ့နေရာ မိုးမလုံတာမျိုးတွေ ချက်ပြုတ်ဖို့နေရာ မိုးမလုံတာမျိုးတွေ ဖြစ်လာနိုင်တယ်” ဟုပြောသည်။
စစ်ရှောင်ပြည်သူများမှာ မန်နောင် ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် ခိုလှုံနေပြီး တချို့မှာ ရွာထဲတွင်ရှိသည့် ဆွေမျိုးအိမ်များ၌ ခိုလှုံနေရကြောင်း သိရသည်။
” လက်ရှိနေနေတဲ့ နေရာတွေက မန်နောင် ဘုန်းကြီးကျောင်း ၅ ကျောင်း ( ကျောင်းသစ် ကျောင်းဟောင်း တောကျောင်း ညောင်ပင်သာ တာဟိုက်လိုင် ) တွေနဲ့ ရွာထဲက နီးစပ်ရာ သူ့မျိုး ကိုယ့်အဆွေအိမ်တွေမှာ စုနေကြတယ်” ဟုပြောသည်။
စစ်ရှောင်ပြည်သူများမှာ လက်တလောတွင် တိုက်ပွဲကြောင့် မိမိတို့နေရပ်ပြန်ရန်ခက်ခဲနေပြီး မိမိတို့၏ အခင်းခြံမြေတို့သွားရန်အခက်အခဲဖြစ်နေသည်ဟု သူက ပြောသည်။
” ခုက တိုက်ပွဲပြင်းထန်နေတော့ နေရပ်ပြန်လို့မရသေးဘူး။ ပဲပုတ် မြေပဲ တွေရင့်နေပြီ နှုတ်လို့မရသေးဘူး သွားနှုတ်ရင် နယ်မြေ လုံခြုံရေးအရ စစ်တပ်က နှုတ်ခွင့်မပေးဘူး” ဟုပြောသည်။
ယခု မန်နောင်ကျေးရွာသို့ ရွှေ့ပြောင်းလာသည့် ပြည်သူများသည် ရွကုန်းလော ( မိုင်းခတ်)၊ တာလီ၊ စီဟတ်၊ မင်းကျမ်း၊ ပန်ချိုးဟိုင်၊ နောင်ကွမ်၊ နောင်ကုန်၊ နောင်မကောက်၊ မခွယ်၊ နမ့်မှော်ချောင်း၊ မြို့သစ်၊ နောင်ပေါင်း၊ နမ့်တိမ် နှင့် ကုန်းကတင် တို့မှဖြစ်ကြပြီး စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၆၀၀ ဝန်းကျင်ရှိသည်။
တိမ်းရှောင်လာသူများတွင် လသားအရွယ်ကလေးငယ်များ အပြင် အသက် ၈၀ ကျော်သက်ကြီးရွယ်အိုများ ပါဝင်သည်။
Photo – Aung San Win
သင့်ထင်မြင်ချက်ရေးပေးပါ