ရဟတ်ယာဉ်ပစ်ချရာတွင် ကေအိုင်အေအသုံးပြုနိုင်ချေရှိသည့် လက်နက်အမျိုးအစားများ
By The 74 Media – မေ ၄၊ ၂၀၂၁။
ကေအိုင်အေက မေလ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ Mi-35 ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်။
ရဟတ်ယာဉ်ကို မည်သည့်လက်နက်အမျိုးအစားဖြင့် ပစ်ချခဲ့သည်ကို The 74 Media က မေးမြန်းခဲ့သော်လည်း ကေအိုင်အေက တရားဝင်ထုတ်ဖော် ဖြေကြားခြင်းမရှိပါ။

 

တင့်ကားပျံဟုခေါ်ဝေါ်ကြသည့် ရုရှားနိုင်ငံထုတ် Mi-35 ရဟတ်ယာဉ်အမျိုးအစားသည် နာမည်ကျော် Mil Mi-24 ရဟတ်ယာဉ်၏ ပြည်ပသို့တင်ပို့သည့်အမျိုးအစားဖြစ်ပြီး
ကချင်ပြည်နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့များက ၂၀၁၃ ခုနှစ်ခန့်မှ စတင်အသုံးပြုခဲ့သည်။
ရဟတ်ယာဉ်၏ ကိုယ်ထည်ကို ထူထပ်သည့် ကျည်ကာသံပြားများဖြင့် တည်ဆောက်ထားသဖြင့် လက်နက်ငယ်များဖောက်ထွင်းရန် မလွယ်ကူသော်လည်း
မေလ ၃ ရက်နေ့တွင် ကေအိုင်အေက အောက်ပါလက်နက်အမျိုးအစားများကို အသုံးပြုပြီး ပစ်ချခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းသုံးသပ်ပါသည်။
Type 85 အမျိုးအစား အကြီးစား လေယာဉ်ပစ်သေနတ်
တရုတ်နိုင်ငံထုတ် Type 85 လေယာဉ်ပစ်သေနတ်သည် အကြီးစားစက်သေနတ်အမျိုးအစားတစ်ခုဖြစ်ပြီး ၁၂.၇ မမ ကျည်အမျိုးအစားကို အသုံးပြုပစ်ခတ်ရသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) အတွက် ထုတ်လုပ်ခဲ့သည့် Type 85 စက်သေနတ်သည်
ပေါင် ၆၀ ခန့် အလေးချိန်ရှိသဖြင့် အကြီးစားစက်သေနတ်အမျိုးအစားတစ်ခုအဖြစ် ခေါ်ဝေါ်ကြသည်။
ဖြုတ်လွယ်တပ်လွယ်သော စက်သေနစ်တစ်လက်ဖြစ်ပြီး စွမ်းအားမြင့်ကျည်ဆန်များကို တာဝေးသို့ လျင်မြန်စွာပစ်ခတ်နိုင်သည့်သေနတ်တစ်လက်ဖြစ်ကာ
တစ်မိနစ်လျင် ကျည်ဆန် ၆၅၀ မှ ၇၀၀ အထိ ပစ်ခတ်နိုင်သည်။
ယခင်က ထွက်ပေါ်ခဲ့သည့် ဓာတ်ပုံများကို အခြေခံသုံးသပ်ရလျင် ကေအိုင်အေတွင် Type 85 အမျိုးအစား စက်သေနတ်အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။
Type 85 လေယာဉ်ပစ်သေနတ်ကို 4X4 ကားအမျိုးအစားများ၊ တင့်ကားများ၊ သံချပ်ကာကားများပေါ်တွင် တပ်ဆင်ပစ်ခတ်လေ့ရှိသည်။
ကေအိုင်အေက မေလ ၃ ရက်နေ့တွင် Type 85 အမျိုးစား အကြီးစားစက်သေနတ်ကို အသုံးပြုကာ စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်ကို ပစ်ချခဲ့သည်ဟု
လေတပ်အရာရှိဟောင်းတစ်ဦးကို ကိုးကားကာ ခေတ်သစ်မီဒီယာသတင်းဌာနက ဖော်ပြထားသည်။
FN 6 ပုခုံးထမ်း မြေပြင်မှဝေဟင်ပစ်လက်နက်
FN-6 သည် တရုတ်နိုင်ငံထုတ် မြေပြင်မှဝေဟင်ပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးလက်နက် အမျိုးအစားတစ်ခုဖြစ်ပြီး
လူသယ်ဆောင်သွားနိုင်သည့် လေကြောင်းကာကွယ်ရေးစနစ် (MANPADS) အမျိုးအစားတစ်ခုဖြစ်သည်။
တရုတ်နိုင်ငံထုတ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်များတွင် တတိယမျိုးဆက်ဒုံးကျည်အမျိုးအစားဖြစ်ပြီး အဆင့်အမြင့်ဆုံး ပုခုံးထမ်းဒုံးလက်နက်အမျိုးအစားတစ်ခုဖြစ်သည်။
FN-6 ဒုံးကျည်၏ပိရမစ်ပုံထိပ်ဖူးတွင် အနီအောက်ရောင်ခြည်ရှာဖွေစက် လေးခု ပါဝင်သဖြင့် ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်များမှပစ်လွှတ်သည့် မီးကျည်များကို ရှောင်ရှားနိုင်သည်။
FN-6 ကို အကွာအဝေး ၆ မိုင်နှင့် အမြင့်ပေ မီတာ ၃၀၀၀ ကျော်အထိ ပစ်ခတ်နိုင်သဖြင့် အနှိမ့်ပျံယာဉ်များကိုသာ ပစ်ခတ်နိုင်သည်။
၂၀၁၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ တအာင်းအဖွဲ့ TNLA ထံမှ FN-6 တစ်လက်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ဖူးသည်။
ကေအိုင်အေနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် တအာင်းအဖွဲ့ TNLA ထံမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့်
ကေအိုင်အေက FN-6 မြေပြင်မှဝေဟင်ပစ်ဒုံးကို ပိုင်ဆိုင်ထားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ၎င်းတို့၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ဖူးသည်။
သို့ဖြစ်ရာ ကေအိုင်အေက စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်ကို မေလ ၃ ရက်နေ့တွင် ပစ်ချခဲ့ရာ၌
Type 85 အကြီးစားစက်သေနတ် သို့မဟုတ် FN-6 မြေပြင်မှဝေဟင်ပစ်လက်နက်ကို အသုံးပြုနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းသုံးသပ်ပါသည်။
Photo Credit to Rightful Owners
သင့်ထင်မြင်ချက်ရေးပေးပါ