KIA 2

မိုးကောင်းမြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စာယန်ကျေးရွာအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်ဖွဲ့များက ယနေ့နံနက် ၁၀ နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စာယန်ကျေးရွာအကြား စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ သေနတ်သံများ ကြားနေရဆဲဖြစ်သည်ဟု ဒွမ်ဘန်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဒွမ်ဘန်မှာ တပ်စွဲထားတဲ့ ခလရ ၂၉၈ ဖြစ်မယ်၊ အဲဒီတပ်က ခွမ်စာယန်ဘက်ကို လာတော့ ကေအိုင်အေက လမ်းမှာဖြတ်တိုက်တာ၊ မနက် ၁၀ နာရီလောက်ကတည်းက အခုထိ သေနတ်သံတွေ ကြားနေရတုန်းပဲ” ဟု သူကဆိုသည်။
တိုက်ပွဲများဖြစ်ပေါ်နေသဖြင့် အိမ်ခြေ ၁၄၀ ရှိသည့် ခွမ်စာယန်ကျေးရွာမှ ရွာသူရွာသားများသည် လဝါးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သူက ဆက်ပြောသည်။
“ခွမ်စာယန်ကျေးရွာက ရွာသားတွေ လဝါးက နှစ်ခြင်းဘုရားကျောင်းနဲ့ ကက်သလစ်ဘုရားကျောင်းတွေကို ထွက်ပြေးလာတယ်၊ အခုထိပြေးနေကြရတုန်းပါ။ ကျွန်တော်တို့လည်း အခေါက်ခေါက်အခါခါ သွားပြီး ခေါ်ယူနေကြတယ်” ဟု ဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို လူသေဆုံးခဲ့သည်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ