စစ်မှန်သည့် ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းမည်ဆိုပါက ကြိုဆိုမည်ဟု KIO ပြော

မြန်မာနိုင်ငံတွင် စစ်မှန်သည့်ဖက်ဒရယ်စစ်တပ်တစ်ခုကို ဖွဲ့စည်းမည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က ပြောကြားလိုက်သည်။

ဖက်ဒရယ်ဟုဆိုလျင် မတူကွဲပြားသည့် ပုံစံများစွာရှိသဖြင့် စစ်မှန်သည့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖက်ဒရယ်စစ်တပ်ကို ဖွဲ့စည်းမည်ဆိုပါက ထောက်ခံသွားမည်ဟု KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“တကယ်စစ်မှန်တဲ့ ဖက်ဒရယ်အာမီ (စစ်တပ်) ဖွဲ့စည်းမယ်ဆိုရင်တော့ KIO အနေနဲ့လည်း ထောက်ခံမယ်၊ ပါဝင်မယ်လို့တော့ ပြောလို့ရမှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ တာဝန်ယူတဲ့ အဖွဲ့အစည်းတွေ အဓိကဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်လို့ပြောတဲ့နေရာမှာ မတူကွဲပြားတဲ့ဟာတွေ အများကြီးတွေ့ရတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းမယ်ဆိုရင်ကေအိုင်အိုလည်း ထောက်ခံမယ်၊ ပါဝင်မယ်ဆိုတာလည်း ပြောလို့ရမှာပါ၊ လက်ရှိလက်တွေ့အပိုင်းတော့ မသိသေးဘူးပေါ့နော်” ဟုပြောသည်။
စစ်မှန်သည့် ဖက်ဒရယ်စနစ်ဟုဆိုလျင် ၂၀၀၈ အခြေခံဥပဒေအောက်မှ ဖက်ဒရယ်စနစ်မဟုတ်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အခွင့်အရေးကို ရယူနိုင်သည့် စနစ်သာလျင် စစ်မှန်သည့်ဖက်ဒရယ်စနစ်မျိုးဖြစ်မည်ဟု ယူဆကြောင်းသူက ဆက်ပြောသည်။
“တပ်မတော်က အမြဲတမ်းပြောနေတာက ၂၀၀၈ အခြေခံဥပဒေအောက်မှာ အားလုံးပါတယ်လို့ ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ ၂၀၀၈ အခြေခံဥပဒေအောက်ကဖက်ဒရယ်ဆိုတာက စစ်မှန်တဲ့ ဖက်ဒရယ်စနစ်မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်သူလူထုတွေအားလုံးပါဝင်နိုင်တဲ့၊ ပြည်သူလူထုရဲ့ရပိုင်ခွင့်တွေ၊ နောက် ကျွန်တော်တို့တိုင်းရင်းသားတွေ အားလုံးရဲ့ရပိုင်ခွင့်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်တယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်လို့ ပြောလို့ရမှာပါ” ဟုပြောသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက လူသေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများဖြစ်ပေါ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ