ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် CDM ပြုလုပ်နေသော ထွေအုပ်ဝန်ထမ်းများ၏ အုပ်ထိန်းသူများကို မတ်လ ၁၇ရက်နေ့၊ နံနက် ၁၀နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတွင်ခေါ်ယူကာ သတိပေးခံခဲ့ရကြောင်းသိရသည်။
မိမိတို့၏ သားသမီးများကို ပြန်ခေါ်ရန်နှင့် ယခုအကြိမ်သည်နောက်ဆုံးအကြိမ် ခေါ်ဆိုခြင်းဖြစ်ပြီး လာရောက်ခြင်းမရှိပါက အရေးယူမည်ဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့နယ်အုပ်ချုပ်ရေးမှုးဦးဇာနည်တိုးက ပြောဆိုခဲ့ကြောင်းမြို့ခံတစ်ဦးက The 74 Media ကိုပြောသည်။
“မိဘတွေအားလုံးကလည်း ရုံးကခေါ်တာ မသွားနိုင်ဖြစ်သွားတယ်။ CDM လုပ်တဲ့ ဝန်ထမ်း ၃ယောက်ရဲ့ အုပ်ထိန်းသူတွေပဲ သွားတယ်။ ဘာတွေပြောလဲဆိုတော့ ကိုယ်ရဲ့ သားသမီးတွေကို ခေါ်လို့ရရင် ပြန်ခေါ်ပေးပါ။ မခေါ်နိုင်ရင်လည်း ရပြီ.. အခုက အရေးယူတော့မယ်လို့ပြောတယ်။ တခြားတော့ဘာမှမပြောဘူး၊ ခြိမ်းခြောက်တာတွေတော့မရှိဘူး”ဟု သူကဆိုသည်။
ဆွမ်ပရာဘွမ်မြို့နယ် ထွေအုပ်ရုံးတွင် CDM ပြုလုပ်နေသော ဝန်ထမ်း ၁၃ဦးရှိပြီး ၈ဦးမှာ ဆွမ်ပရာဘွမ်နယ်ခံများဖြစ်ကြောင်း သူကပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ CDM ပြုလုပ်နေသော ဝန်ထမ်းများ တိမ်းရှောင်နေကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၂ရက်နေ့ဝန်းကျင်ကလည်း CDM လုပ်သည့် ဝန်ထမ်းများ၏အိမ်သို့ လာရောက်ကာ အုပ်ထိန်းသူများကို “ဘယ်ဘက်သွားလိုက်လဲ၊ ဘယ်မှာပုန်းနေလဲ၊ ဘာတွေလုပ်နေလဲ”ဟု လာရောက်မေးမြန်းမှုများလည်းရှိသည်ဟု ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးကဆိုသည်။
သင့်ထင်မြင်ချက်ရေးပေးပါ