ဝန်ကြီးဦးနော်လီ

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ ဖြင့် တရားစွဲဆိုခံရသည့် ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီကို ယနေ့ရုံးထုတ်ရန်စီစဉ်ထားသော်လည်း ရုံးမထုတ်ဖြစ်ခဲ့ဘဲ သူ့အတွက် အာမခံလျှောက်ထားဖြစ်ခဲ့သည်ဟု သိရသည်။

ဝန်ကြီးကိုရုံးမထုတ်ဖြစ်ရသည့်အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးကိုအကြောင်းပြသည်ဟု တရားလွှတ်တော်ရှေ့နေဦးဂဲနက်စ်က The 74 Media ကိုပြောသည်။
“ဒီနေ့ ရုံးထုတ်မယ်ဆိုပြီး မထုတ်ဖြစ်ဘူး၊ ဘာကြောင့်မထုတ်ဖြစ်သလဲဆိုတာလည်း ဂဃနဏမသိရဘူး။ ရဲတပ်ဖွဲ့က ပြောတာကတော့ လုံခြုံရေးအခြေအနေရလို့ပြောပါတယ်” ဟု ပြောသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ သည် အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ်တစ်နှစ်ဖြစ်သဖြင့် အာမခံရနိုင်သည့်အမှုတစ်ခုဖြစ်ပြီး ဝန်ကြီးဦးနော်လီအတွက် ယနေ့အာမခံလျှောက်ထားခဲ့ကာ နောက်တစ်ကြိမ်ရုံးချိန်းတွင် အာမခံရ၊ မရ သိမည်ဖြစ်သည်ဟုသူက ဆက်ပြောသည်။
“ဒီ ဘေးစီ ၂၉ ဆိုတာက အမြင့်ဆုံးပြစ်ဒဏ် တစ်နှစ်လေ၊ ဆိုတော့ ဥပဒေအရကြည့်မယ်ဆိုရင် အာမခံပေးကို ပေးရမယ့်အမှုဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကိုအာမခံပေးမလား၊ မပေးဘူးလားဆိုတာကိုတော့ ၂၄ ရက်နေ့ရုံးချိန်းမှ သိမယ်၊ အခုက အမှုသည်နဲ့ တွေ့ခွင့်မပေးတဲ့အတွက် ကျွန်တော့်အမှုသည်အတွက် အရမ်းနစ်နာပါတယ်။ သူ့အတွက် လူ့အခွင့်အရေးဆုံးရှုံးနေရတယ်” ဟု ပြောသည်။

ဝန်ကြီးဦးနော်လီကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရွေးကောက်ပွဲကာလအတွင်း အန္တရာယ်ဖြစ်စေနိုင်သောလူစုလူဝေးဖြစ်ပေါ်အောင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲကာ မတ်လ ၁၂ ရက်နေ့တွင် ဘေးစီ (၂၉) ဖြင့်အမှုဖွင့်ခံရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ