စစ်ကောင်စီ လက်နက်ကြီး

ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်တွင် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ရှိရာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များက ကေအိုင်အေစခန်းရှိရာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးတွေလည်း ပစ်ကြတယ်တဲ့၊ မနက်ရှစ်နာရီလောက်ပေါ့၊ မြန်မာစစ်တပ်က သူတို့ဘာသာသူတို့ ပစ်နေကြတာ၊ KIA စစ်သားတွေရှိတဲ့ဘက်ပေါ့” ဟု ပြောသည်။
တစ်နာကျော်ခန့် ကြာမြင့်စွာ ပစ်ခတ်မှုများရှိခဲ့ပြီး ကေအိုင်အေဘက်မှ ထိခိုက်မှု မည်မျှရှိကြောင်းကို မသိရှိကြောင်း သူက ဆက်ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကေအိုင်အိုပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို The 74 Media က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ကားမိုင်းမြို့နှင့် မိုးကောင်းမြို့နယ်များအကြား မတ်လ ၁၄ ရက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) နှင့် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ