KIA

တနိုင်းမြို့နယ် ရှဒူးဇွပ် ကျေးရွာတွင် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တပ်ဖွဲ့ဝင်များ မတ်လ ၁၅ ရက်နံနက်အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီတပ်ရင်း ခလရ (၂၉၇) နှင့် ရှမ်းနီပြည်သူ့စစ်များ အခြေစိုက်ပြီး ကေအိုင်အေတပ်ရင်း ၁၄ နှင့် နီးစပ်သည့် နေရာဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
တိုက်ပွဲနှင့်ပတ်သက်ပြီး ကေအိုင်အို၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို The 74 Media က ဆက်သွယ်ခဲ့ရာတိုက်ပွဲနှင့်ပတ်သက်သည့်မြေပြင်သတင်း မရရှိသေးပါဟု ဆိုသည်။
“ကျွန်တော့်ဆီမှာ အောက်ခြေက သတင်းတွေ မတက်လာသေးဘူးဗျ။ အဲတာကြောင့် မြေပြင်တိုက်ပွဲသတင်းတော့ မသိဘူး” ဟု ဆိုသည်။
ကေအိုင်အေအနေဖြင့် စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်ရန် ညွှန်ကြားထားခြင်းမရှိပါဟု သူက ဆက်ပြောသည်။
“တစ်ခုရှိတာက ကျွန်တော်တို့ရဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နဲ့ ၆ နေရာမှာ တပ်မတော်ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေတာ တစ်လလောက်ရှိပြီ။ ဒီအခြေအနေကြောင့် ဗဟိုက ညွှန်ကြားထားတာမရှိပေမယ့် မြေပြင်က ဗျူဟာမှူးတွေညှိပြီး တိုက်ပွဲဖော်တာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့ဝင်များအကြား မတ်လ (၁၁) ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပေါ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ