တိုက်ပွဲကြာမြင့်လာလျင် နန့်ဟိုင်းကျေးရွာမှ စစ်ရှောင်များ နေစရာခက်ခဲလာနိုင်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နန့်ဟိုင်းကျေးရွာတွင် KIO နှင့် စစ်အာဏာသိမ်းကောင်းစီတပ်ဖွဲ့ဝင်အကြား ဆက်လက်တိုက်ပွဲများပြင်းထန်နေလျှင် စစ်ရှောင်များရွှေ့ပြောင်းနေထိုင်သောနန့်ဟိုင်းနှစ်ခြင်းဘုရားကျောင်းတွင် နေရာထိုင်ခင်း ခက်ခဲလာနိုင်သည်ဟု သိရသည်။

လတ်တလောအခြေအနေတွင် ဖြစ်သလိုနေထိုင်နေရပြီး အချိန်ကြာမြင့်လာပါက အခက်အခဲရှိလာနိုင်သည်ဟု တိမ်းရှောင်နေသူတစ်ဦးက The 74 Media ကိုပြောသည်။
“လောလောဆယ် အိပ်မယ့်နေရာကတော့ ဖြစ်သလိုနေကြတယ်။ ရေရှည်ဖြစ်လာရင်တော့ အခက်အခဲရှိလာနိုင်တယ်”ဟု သူကပြောသည်။
လက်ရှိအချိန်တွင် မိမိဖာသာယူဆောင်လာသော အစားအသောက်များသာ ချက်ပြုတ်စားသောက်နေကြပြီး အကူအညီများမရရှိသေးကြောင်း သူက ဆက်ပြောသည်။
“စားဖို့သောက်ဖို့ကတော့ ကိုယ်ပိုင်ဆန်တွေနဲ့ပဲ ချက်ပြုတ်စားသောက်ကြတယ်။ လောလောဆယ်တော့ အကူအညီပေးတာတွေ မရှိသေးဘူး” ဟု သူက ပြောသည်။
စစ်တပ်နှင့် နီးသော အိမ်ခြေ (၂၀) ခန့် နန့်ဟိုင်းနှစ်ခြင်းဘုရားကျောင်းတွင်တိမ်းရှောင်နေပြီး ကျန်မိသားစုများက ၎င်းတို့၏နေအိမ်သို့ပြန်သွားကြောင်းသိရသည်။
ယမန်နေ့ နံနက် အစောပိုင်းတွင် နန့်ဟိုင်ကျေးရွာအနီး ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနှင့် စစ်အာဏာသိမ်းကောင်းစီတပ်ဖွဲ့ဝင်အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
နန့်ဟိုင်းကျေးရွာတွင် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း ကားမိုင်းဗျူဟာကုန်မှ လက်နက်ကြီးပစ်ကူးမှုကြောင့် ကားမိုင်မြို့ မြို့မ ရပ်ကွက်(၄)မှ ဒေါ် ပစီဆိုင်ရာ အသက်(၂၈)နှစ်၊ ဒေါ်ဘောက်ဆန့် (၂၂)နှစ်၊ မဇောင်းနော(၆)နှစ် ၊ မ ဂျာတောင်(၁၄)နှစ်၊ မောင် ဘရန်ဂျာအောင် (၁၂)နှစ် တို့ ထိခိုက်ဒဏ်ရာ ရရှိသော်လည်း အခြေအနေ မစိုးရကြောင်း သိရသည်။

နန့်ကျေးရွာသည် အိမ်ခြေ (၃၀၀)ရှိပြီး လူဦးရေစုစုပေါင်း(၅၀၀) ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ