ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) နံနက်က ခေါ်ဆောင်သွားပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရကြောင်း အစိုးရအဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်ထံက သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနေထိုင်သည့် အိမ်ယာတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၅ နာရီခန့်က ဝင်ရောက်ခဲ့ကာ ၎င်းတို့နှင့်လိုက်ခဲ့ရန်ပြောကြားခဲ့သည်ဟု အစိုးရအဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်သူက The 74 Media ကိုပြောသည်။
“လာခေါ်သွားတဲ့ထဲမှာ သူတို့ (ကချင်ပြည်နယ်အစိုးရအဖွဲ့) အားလုံးပါတယ်ထင်တယ်၊ ဒီမနက် ငါးနာရီလောက်မှာ သူတို့အိမ်ထဲဝင်လာတယ်၊ တစ်ခါတည်း၊ ဝိုင်းပြီးခေါ်သွားတာပဲ၊ အကြမ်းဖက်တာတို့ဘာတို့တော့မလုပ်ပါဘူး၊ လာဖမ်းတဲ့အချိန်က ငါးနာရီဆယ်မိနစ်လောက်ဖြစ်မယ်” ဟုပြောသည်။
တပ်မတော်လုံခြုံရေးတပ်ဖွဲ့များက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သဖြင့် တပ်မတော်တပ်စခန်းတစ်နေရာသို့ ခေါ်ယူသွားခြင်းဖြစ်နိုင်သည်ဟု သူက သုံးသပ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနေထိုင်သည့် အိမ်ယာကို ယနေ့ညနေ ၆ နာရီခန့်အထိ ပိတ်ထားဆဲဖြစ်ပြီး အိမ်ယာအနီးတစ်ဝိုက်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေသည်။
ဓာတ်ပုံ – ကချင်ပြည်နယ်ဝန်ကြီးချုပ်နေထိုင်သည့် နေအိမ်အနီးရှိလမ်းအား တံခါးပိတ်ထားသည်ကို တွေ့ရစဉ်
သင့်ထင်မြင်ချက်ရေးပေးပါ