စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသောကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို ယမန်နေ့ညနေပိုင်းမှစတင်ကာ ယာယီပိတ်လိုက်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်ဖွဲ့က ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါလမ်းပိုင်းရှိ KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ညကနေစ ကျွန်တော်တို့ဖက်ကပိတ်တာ။ (စစ်ကောင်စီ)စစ်ကြောင်းထိုးလာလို့ ဟုတ်တယ်။ အတက်အဆင်းအကုန်လုံးပဲ။ ယာယီပိတ်တာဟုတ်တယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲတော့မပြောတက်ဘူး” ဟုပြောသည်။
မြစ်ကြီးနားမြို့အထက်ပိုင်း ဆွမ်ပရာဘွမ်လမ်းတွင် ယခုရက်ပိုင်းအတွင်း KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်းဈေးနှုန်းများ စတင်မြှင့်တက်လာချိန်နှင့် လမ်းပိတ်လိုက်ချိန် အချိန်သားကိုက်ဖြစ်နေသောကြောင့် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်သွားမည်ကို စိုးရမ်ကြောင်း လေယာဉ်ကွင်းရပ်ကွက်နေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့လည်း ပစ္စည်းမှာထားတာ ပစ္စည်းတောင်မရောက်သေးဘူးဟုတ်တာ။ ဒီဖက်ကတော့ ဝယ်စားတဲ့သူပိုများတယ်ဆိုတော့ စားဝတ်နေရေးပိုင်းတွေ အခက်ခဲရှိလာမယ်လို့ထင်တယ်။ အခုချက်ချင်းကြီးတော့ မတက်သေးဘူး။ တစ်ချို့စီးပွားရေးသမားတွေကတော့ လမ်းပိတ်တာနဲ့ တစ်ခါတည်း ဈေးနှုန်းချက်ချင်းအပြောင်းအလဲလုပ်တာရှိတယ်။ ဆီဈေးနှုန်းတွေလည်း အခုရက်ပိုင်းစတက်တာ ကုန်ပစ္စည်းစတက်တဲ့အချိန်နဲ့ လမ်းပိတ်တာက အချိန်ကိုက်ဖြစ်သွားတော့ ရှိတဲ့ကုန်စည်တွေနဲ့ လူဦးရေ မမျှဘူးပေါ့နော်၊ ဈေးကပိုမြင့်သွားဖို့ပဲရှိတယ်။ လမ်းကဘယ်လိုအခြေအနေလား ဒီတစ်ခါတော့ ကြာတော့ကြာလောက်မယ်ထင်တယ်” ဟုပြောသည်။
လက်ရှိအချိန်တွင် ပူတာအိုမြို့မဈေးနှင့် လေယာဉ်ကွင်းဈေးတို့တွင် ကုန်ပစ္စည်းများ အလုအယက်ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ မြစ်ကြီးနား – ပူတာအိုလမ်းရှိ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် သုံးလခန့်ကြာ လမ်းပိတ်ထားခဲ့ပြီး ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုကြုံတွေ့ခဲ့ရပြီး ကုန်ဈေးနှုန်းမှာလည်း ဆယ်ဆခန့်မြှင့်တက်သွားခဲ့သည်။
သတင်း – Dureng
ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)
သတင်းပြင်ဆင်ချက် – ယာယီပိတ်ထားသော မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို ယနေ့ (ဖေဖော်ဝါရီလ ၆ ) ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်ဖွင့်လိုက်ပြီဖြစ်သည်။