မြစ်ကြီးနားမြို့အထက်ပိုင်း ဆွမ်ပရာဘွမ်လမ်းပေါ်တွင် ယခုရက်ပိုင်း KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများနှင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
မြစ်ဆုံအထက်ပိုင်းရှိ ဝေရှီကျေးရွာတွင် ယနေ့နံနက်ပိုင်းနှင့် မွန်းလွှဲပိုင်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့မနက် ၁၀ နာရီလောက်မှာတစ်ကြိမ် ၅ မိနစ်လောက်ထိတွေ့တိုက်ပွဲဖြစ်တယ်။ နေ့လယ် ၁ နာရီလောက်မှာလည်း တစ်ကြိမ် သေနတ်နဲ့ပစ်ကျတာခဏပဲ။ မြစ်ဆုံအထက် ဝေရှီဘက်ဟုတ်တယ်” ဟုပြောသည်။
မလိခမြစ်တစ်ဖက်ကမ်းရှိ အင်ဂျန်းယန်မြို့နယ်၊ ဂွေထော်ကျေးရွာအနီးတွင်လည်း ယမန်နေ့ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကနဦးသိရပြီး အခြေအနေ အသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဝေရှီကျေးရွာနှင့် ဂွေထော်ကျေးရွာတို့ကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြစ်ဆုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဂျက်ဖိုက်တာတွေနဲ့ နှစ်ကြိမ်လာသွားတယ်၊ ဝေရှီဘက်ကိုလည်း တစ်ခါလာကြဲချသွားတယ်။ ဂွေထော်ဘက်မှာ သုံးကြိမ်လာကြဲတယ်။ ထိခိုက်တာတွေ မရှိဘူး” ဟုပြောသည်။
မြစ်ကြီးနားမြို့နှင့် မိုင် ၃၁ မိုင်ခန့်အကွာ မြစ်ဆုံအထက်ရှိ ဝေရှီကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ကလည်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် မြစ်ဆုံဒေသခံအချို့ နီးစပ်ရာသို့ပြောင်းရွှေ့နေကြပြီး နောင်နန်းအုပ်စု၊ ဆယ်မိုင်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ကြောင်း နောင်နန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့ည ၄ နာရီလောက်ကနေ မြစ်ဆုံဒေသခံတွေ အောင်မြင်သာကို ပြောင်းရွှေ့နေတယ်။ စစ်နဲ့အရမ်းနီးလာတော့ ပြောင်းကုန်ကြပြီ။ ဒီနေ့လည်း ကျမ်းစာသင်ကျောင်းရှေ့မှာ နေရာယူထားကြတယ်။ ရွာထဲကိုလည်း သေနတ်တွေ စစ်ဝတ်စုံတွေနဲ့ လျှောက်သွားနေကြတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့မှစတင်ကာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ လမုန်ဇွပ်၊ ကျိန်ခရန်နှင့် မြစ်ဆုံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး အဆိုပါလမ်းတစ်လျှောက် လက်ရှိ စစ်ကောင်စီအင်အား ၄၀၀ ခန့်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ညကလည်း ကချင်ဓမ္မတက္ကသိုလ် (KTCS) ကျောင်းရှေ့တွင် အိမ်စီးကား နှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖြတ်သွားဖြတ်လာများကို တားဆီးစစ်ဆေးကာ နာရီပိုင်းခန့် ဖမ်းဆီးထားခဲ့ပြီး တစ်ဦးကို သေနတ်ဒင်းဖြင့် ရိုက်နက်ခဲ့သည်။
ထိုညက လမုန့်ဇွပ်ကျေးရွာကို စစ်ကောင်စီအင်အား ၁၀၀ ခန့်က လက်နက်ကြီးတင်ဆောင်ကာ စစ်ကားသုံးစီးဖြင့် ရောက်ရှိလာပြီး အင်ခိုင်ဘွမ်ဘက်သို့ လက်နက်ကြီး ခြောက်ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
သတင်း – Sin Li
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ