စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယမန်နေ့ညနေ ၆ နာရီခန့်က မိုးညှင်းမြို့၊ မြို့ရှောင်လမ်းတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့ရှောင်လမ်း၊ အရှေ့စု (၆) ရပ်ကွက်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး သေဆုံးသွားသူများ၏ရုပ်အလောင်းကို ရှမ်းနီ SNA တပ်ဖွဲ့ဝင်များဟုယူဆရသည့် လက်နက်ကိုင်လူငယ်များက ဆိုင်ကယ်ဖြင့် လာရောက်သယ်ယူသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

 

“ပြည်သူ့စစ် တစ်ယောက်သေတယ်လို့ပြောတယ်။ ရဲတစ်ယောက်ပါတယ်။ တစ်ယောက်က ဒဏ်ရာရတယ်တဲ့။ ဘယ်သူလာပစ်သွားမှန်းတော့ မသိဘူး။ အမှိုက်ပုံဟောင်း တရုတ်သင်္ချိုင်းနားမှာပဲ ဂိတ်တော့မရှိဘူး။ ပိုက်ဆံ ထွက်တောင်းကြတာထင်တယ်” ဟုဆိုသည်။

 

သေဆုံးသွားသူများမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ကာ ဖိုးခန်းများမှ လိုင်းကြေးတောင်းခံပြီးပြန်လာစဉ် လမ်းခုလတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

 

သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိသူများကို မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ဆေးရုံအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့် လုံခြုံရေးယူထားကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ဆိုသည်။

 

“ဒီနေ့မနက်တုန်းကတော့ ဆေးရုံမှာတော့ စစ်သားတွေအများကြီးပဲဗျာ။ အရှေ့မှာရောစောင့်နေတာ အတွင်းထဲမှာရော အယောက်တောင်မှ လေး၊ ငါးဆယ်လောက်ရှိမယ်” ဟုဆိုသည်။

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယမန်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူအချို့ မိုးညှင်းမြို့၊ ထန်းတပင်ရပ်ကွက်ရှိ KTV တစ်ခုတွင် အတူရှိနေစဉ် KPDF တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ရှစ်ဦးသေဆုံးခဲ့သည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ