ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် မနောင်ပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းရှိ ထန်ငေါ့တောင်ပေါ်တွင် မနောင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
တော်လှန်ရေးနေ့အထိမ်းအမှတ်အပြင် ထန်ငေါ့တောင်ပေါ်တွင် GOC ဇော်ဆိုင်းနှင့်တပ်ဖွဲ့ဝင်များ မနောင်အက ကခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက The 74 Media ကိုပြောသည်။
“အရင်တုန်းက ထိုင်းနိုင်ငံမှာ KIA တပ်စခန်း အထိုင်ချခဲ့တဲ့နေရာမှာ ပွဲကျင်းပတာဖြစ်ပါတယ်။ နောက်တစ်ခုက အရင်တုန်းက GOC ဇော်ဆိုင်း ညီအစ်ကိုတွေ ဆုံကြတဲ့အချိန် ထန်ငေါ့တောင်ပေါ်မှာ တပ်သားတွေနဲ့ စစ်ဝတ်စုံနဲ့ မနောကခဲ့ကြတယ် အခုဆို နှစ် ၅၀ ပြည့်ပြီ။ ဒီနေရာမှာ မနောင်အက တစ်ခါကထားပြီဖြစ်တဲ့အတွက် ရိုးရာဓလေ့ထုံးတမ်းအရ အပိတ်မနောကရမယ်လို့ ပြောကြတာဖြစ်တဲ့အတွက် ကျင်ပရတာဖြစ်ပါတယ်” ဟုပြောသည်။
ပွဲတွင် ထိုင်းနိုင်ငံအတွင်းရှိ ကချင်လူမျိုးများနှင့် မြန်မာနိုင်ငံမှ လာရောက်ပါဝင်သူ စုစုပေါင်း သုံးရာခန့်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် အဆိုပါနေရာတွင် ကချင်လူမျိုးများ နေထိုင်ခဲ့ကြောင်း နောင်လာနောက်သားများအတွက် သမိုင်းကြောင်းတစ်ခုတည်ဆောက်ရန် ရည်ရွည်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးကပြောသည်။
“ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်သွားမယ့် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေအတွက် သမိုင်းကြောင်းတစ်ခုတည်ဆောက်ပေးတဲ့သဘောဖြစ်ပါတယ်။ နောက်နောင် ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ရှေ့ရေးအတွက် သမိုင်းတစ်ခုဖြစ်အောင် ရည်ရွယ်ပါတယ်” ဟုပြောသည်။
ထန်ငေါ့တောင်ရှိ KIA တပ်စခန်းကို ၁၉၆၆ ခုနှစ်မှစတင်ကာ နိုင်ငံခြားဆက်ဆံရေးနှင့် လက်နက်ခဲယမ်း စုဆောင်းရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ထိပ်တွင် ၁၉၇၅ ခုနစ် ဩဂုတ်လ ၆ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် KIO/KIA ဥက္ကဋ္ဌ GOC ဇော်ဆိုင်းအပါအဝင် တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ကြောင်း ကချင်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားထားသည့် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိပြီး ကချင်အမျိုးသားအလံ စိုက်ထူထားကြောင်းတွေ့ရသည်။
အဆိုပါတောင်ပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် KIA တပ်ဖွဲ့ဝင်များမှ ၄၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း သိရသည်။
GOC ဇော်ဆိုင်းအပါအဝင် လေးဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဩဂုတ်လ ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
သတင်း – Dureng
သင့်ထင်မြင်ချက်ရေးပေးပါ